ငါမပိုင်ဆိုင်တဲ့ နင့်အတွက် သတိရခြင်း

မတွေ့တာ ဖုန်းမဆက်ရတာကြာတော့ လွမ်းသဗျာ..
ငယ်ငယ်ရေ တကယ်ပါဗျာ တဲ့

နင့်ဆီက ဒီနှစ်ကြောင်းသောစာလေးကို ဖတ်လိုက်ရတဲ့အတွက် ဖြစ်သွားတဲ့ ငါ့ခံစားချက်တွေ နင့်ကိုမပြောချင်ဘူး။
ဒါပေမယ့်…
နင်လဲသိချင်နေမှာပဲနော် ငါနင့်ကိုသတိရရဲ့လားလို့။
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ် မေးခွန်းတွေထုတ်ကြည့်တယ်။
သတိရရဲ့လားလို့။
ဟင့်အင်း
ငါနင့်ကိုသတိမရဘူးထင်တာပဲ

ငါ့မနက်တွေရဲ့ မရှိမဖြစ် ကော်ဖီခါးခါးတခွက်ကိုဖျော်ရင်း ကော်ဖီခွက်လေးထဲမှာ ငါနှစ်သက်တဲ့ ကော်ဖီမှုန့်လေးတွေ ဝေ့၀ဲနေတာကိုကြည့်ရင်း နင့်အကြောင်းကို တွေးမိတာ
ဘတ်စကားစီးရင်း လှမ်းကြည့်မိတဲ့ ၁၅လမ်းနားက ရွှေဆိုင်ဆိုင်းဘုတ်ဝါ၀ါလေးတွေကို ငေးကြည့်ရင်း နင့်အကြောင်းတွေ ငါ့ခေါင်းထဲရောက်လာတာ
အလုံကို တခါတလေရောက်နေသေးတဲ့ငါ နင်နဲ့အတူထိုင်ရင်းစကားတွေဖောင်ဖွဲ့ရင်း အချိန်တွေကုန်မြန်လိုက်တာလို့ တွေးမိစေတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးနား ဖြတ်မိတိုင်း ငါ့ရင်ထဲမှာ တမျိုးတမည်ခံစားမိတာ
ငါစီးနေတဲ့ ဖိနပ်လေးကို အမှတ်တမဲ့ကြည့်မိတိုင်း နင်နဲ့ဆင်တူလေးဖြစ်နေတယ်ဆိုတဲ့ အတွေးတွေနဲ့ ငါပြုံးမိသလား မျက်နှာလွဲမိသလား မသေချာတာ
ချမ်းအေးတဲ့ တောင်ပေါ်ညတွေမှာ နင်နဲ့ဖုန်းပြောတဲ့ အချိန်တွေကို ပြန်တွေးရင်း နွေးထွေးသွားတာ
နင်နဲ့မတွေ့ခင်ကာလအထိ မိုင်တွေထောင်ချီဝေးနေတဲ့နေရာက တဦးတယောက်သာ ပိုင်စိုးထားတဲ့ ငါ့ရဲ့အတွေးတွေသတိရခြင်းတွေမှာ နင်ကအစားထိုးနေရာယူလာတာ
သူ့တဦးတည်းပေါ်မှာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ခံစားချက်တွေ နင့်ပေါ်မှာ ထပ်တူဖြစ်နေလို့ ငါကိုယ်ငါအံ့သြမိတာ
ငါပိုင်ဆိုင်ထားတဲ့အရာတွေထဲက ငါအနှစ်သက်ဆုံးဖြစ်တဲ့ ငါ့ကွန်ပြူတာလေးထဲမှာ နင့်နဲ့ ပတ်သက်တဲ့အကြောင်းလေး ကဗျာလေးတွေရေးမိတာ…………….

ဟုတ်တယ်…
ငါနင့်ကို လွမ်းဖို့နေနေသာသာ သတိတောင်မရဘူး

ငယ်ငယ်
ည ၁၁နာရီ ၄၈ မိနစ်၊ ဇန်န၀ါရီ ၂၂၊ ၂၀၀၉

This entry was posted on Saturday, January 23rd, 2010 at 3:15 pm and is filed under ကိုယ်ရေးကိုယ်တာများ. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

3 Comments

  1. မနန်း Says:

    လာဖတ်တယ်ထွေးငယ်

    February 10th, 2010
  2. သိ င်္ဂါ ရ Says:

    thaingarra:
    ဟုတ်တယ်…
    ငါနင့်ကို လွမ်းဖို့နေနေသာသာ သတိတောင်မရဘူး
    အဲဒါ နဲ့ များ စာတစ်တန် ပေတစ်တန် ရေးထားရတယ် လို့ :D

    February 14th, 2010
  3. BlackMutant Says:

    ရောဂါ…. ရောဂါ… စိတ်ထိန်းသယ်ရင်း..

    February 14th, 2010

Leave a Reply