အစ်မရဲ့ စကားတခွန်း

မောင်နှစ်မကိုးယောက်ထဲမှာ ထက်အောက်မွေးလာခဲ့ပြီး ၁နှစ်ကျော် ၂နှစ်လောက်သာကွာခြားတဲ့ ကျနော်နှင့်အမဟာ အထက်အောက်မောင်နှစ်မတွေရဲ့ ထုံးစံအတိုင်း
တကျက်ကျက်ပေါ့။ ပိုပြီးဆိုးတာက သူနဲ့ကျနော်မှာ ရှိနေတဲ့ များပြားလှတဲ့ ကွာခြားချက်တွေကြောင့် ငယ်ငယ်တုန်းက အမေက “နင်တို့ညီမနှစ်ယောက် တနေကုန်ဘာတွေများပြောနေတာလဲ” လို့ မေးယူရလောက်အောင် နီးစပ်ခဲ့ပြီး
ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့ တယောက်ကို တယောက် တခြားမောင်နှစ်မတွေထက် ပိုပြီးတွယ်တာခဲ့ပေမယ့် အရွှယ်ရောက်လာတာနဲ့အမျှ သူနဲ့   ကျနော်ကြားမှာရှိတဲ့ မတူညီမှု ကွဲပြားမှုတွေက ပိုမိုကြီးမားသိသာလာပြီး ရလဒ်ကတော့ ညီမနှစ်ယောက်ကြားက ကြီးထွားလာတဲ့ အေးစက်မှုပေါ့။

သူနဲ့ကျနော်ရဲ့ မတူညီမှုတွေကို ပြောရင် ၀တ္တုရှည်တပုဒ်စာတော့ အနည်းဆုံးရှိမယ်ထင်တယ်။
မတူတဲ့အချက်တွေကို ပြောရရင် ရုပ်ရည်ကနေစတာပါပဲ။ အမေကပဲ မျက်နှာလိုက်တယ်ပြောရမလား။ အစ်မကိုလူတွေရှုံ့  ချကြတာကတော့ “နင့်အမက ကိုးရီးယားမင်းသမီးလေးလိုပဲ”တဲ့။ ကျနော်ကို ချီးမွမ်းထောပနာပြုကြတာကတော့
ဒီလိုပါ “နင်တို့မောင်နှစ်မကိုးယောက်ထဲမှာ နင်ရုပ်ဆိုးဆုံးပဲ” ။ ကဲ ကောင်းကြသေးရဲ့လား အရပ်ကတို့ ရယ်ပေါ့ဗျာ။

သူကမိုးလင်းရင်သီချင်းသံလေးနဲ့အိပ်ရထရတာနှစ်သက်ပြီး ကျနော်ကတော့ အသံတွေကင်းမဲ့ တိတ်ဆိတ်နေတဲ့ မနက်ခင်းတခုမှ နိုးထရင်း ဟိုဒီအတွေးတွေနဲ့ နေ့တနေ့ကို စတင်ချင်သူပေါ့။
သူကရှော့ပင်းမောတွေ သွားရောက်ငေးမောရတာ(၀ယ်တာဝယ်တာအပထား) သဘောကျပြီး ကျနော်အတွက်တော့ အဲဒီအရာဟာ ခေါင်းကိုက်စေတဲ့၊ မောပန်းစေတဲ့ ဘာအကျိုးမှမရှိစေတဲ့အရာပေါ့။
(ဆိုင်ထဲမှာလျှောက်ကြည့် အ၀တ်အစားတွေဝတ်ကြည့်ပြီး မ၀ယ်ပဲပြန်ထွက်လာတာကိုလဲ ကျနော်ကသိပ်ရှက်တတ်သူပါ။)

အမက ပိုက်ဆံလေးရှိရင် အ၀တ်အစား၊ တကိုယ်ရေသုံးပစ္စည်းတွေ၊ စီဒီခွေနဲ့စာအုပ်တွေ ၀ယ်လေ့ရှိတယ်။ ကျနော်ဆိုသူကတော့ လက်ထဲမှာ ငွေယားလေးရှိလာရင် ဘော်ဒါတွေချိန်းပြီး ဆိုင်ထိုင်တာကလွဲရင် တခြားအတွက်သုံးရမှာ ရေလည်နှမြောတတ်သူပေါ့။

အပြင်အထွက်နည်းတဲ့အမက သင်တန်းချိန်ကလွဲရင် လျှော်၊ဖွပ်၊ချက်ပြုတ်ဆိုတဲ့ ကျနော်အမုန်းဆုံး မလုပ်ချင်ဆုံး ကိစ္စတွေနဲ့ အချိန်ကုန်လေ့ရှိပြီး ပေါက်ကရတွေလုပ်ရင်း ကွန်ပြူတာရှေ့မှာ အဲဗားအချိန်ဖြုန်းနေတဲ့ သူ့ညီမကို သိပ်ကြည့်မရသူပေါ့။
သူနဲ့မတူတာကတော့ မီးဖိုချောင်ဝင်ရမှာ သေအောင်မုန်းတဲ့ထွေးငယ်ဟာ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကို ချက်ပြုတ်ကျွေးရဖို့ဆိုရင်တော့ ပျော်ပျော်ကြီးမီးဖိုချောင်ထဲ ရောက်တတ်သူပေါ့။
(ချက်ထားပြီးလို့မစားရင်လည်း စိတ်ဆိုးတတ်သလို မကောင်းဘူး နင်ချက်ထားတာတူးနေတယ်လို့ ဝေဖန်တဲ့သူငယ်ချင်းတွေကို ၃ရက်လောက်စကားမပြောတဲ့ အကျင့်လေးရှိတာကလွဲလို့  ပေါ့လေ)

သူကသူ့နေထိုင်တဲ့နေရာကို ၅မိနစ်တခါလောက် တံမြက်စည်းလှည်းရမှ နေတတ်သူဖြစ်ပြီး ကျနော်ကတော့ သူတံမြက်စည်းလှည်းနေတုန်း ဖင်လေးတချက်ရွှေ့ပေးရမှာတောင် ပျင်းစရာကောင်းလိုက်တာလို့ တွေးနေတတ်သူပေါ့။
သူကအပေါင်းအသင်းထားခြင်းဆိုတာ သိပ်အကျိုးမရှိတဲ့အရာလို့မှတ်ယူထားပြီး ကျနော်ရဲ့တနေ့တာမှာတော့ သူငယ်ချင်းတွေမရှိရင် တခွက်တဖလားမမော့ရတဲ့ အရက်သမားလိုဖြစ်နေတတ်ပါတယ်။ (ဘာသာသာလာကာလဲမစိ အဲ မရှိတဲ့ဘ၀ဆိုတော့)။

အင်တာနက်ကို တနေ့၂နာရီလောက်မှ မသုံးရရင် တကိုယ်လုံးကို ခွေးလယားသီး အဖြူးခံထားရသလိုလို ဟိုနေရာဒီနေရာကိုပဲ(ခြေသလုံးဘာညာပြောပါတယ်) ဂျပိုးအတုတ်ခံထားရသလို ရွစိထိုးနေတဲ့ကျနော်ကို တလနေလို့မှအင်တာနက်ကဖေး
တခေါက်မရောက်တဲ့ သူကပြောဆိုတော့လဲခံရတာပဲပေါ့။
သူကသီချင်းတွေ ရုပ်ရှင်တွေကို မမုန်းတမ်းနားထောင် ကြည့်တတ်သူဖြစ်ပြီး ကျနော်ကြည့်လိုက်တိုင်းမှာ Animal Planet မဟုတ်ရင် CNN  ပဲဖြစ်တတ်ပါတယ်။ (နားမလည်တာကတော့ တပိုင်းပေါ့ဗျာ)။ MRTV3 အစီအစဉ်နှင့် မြန်မာ့အသံကလွင့်တဲ့
နိုင်ငံတကာသတင်းကိုလဲ နှစ်နှစ်ခြိုက်ခြိုက် စောင့်ကြည့်တတ်ပါတယ်။

အမေနဲ့ နေရာတော်တော်များများတင်မဟုတ်ပဲ ပွစိပွစိလုပ်တတ်တာခြင်းလဲတူလို့ သူက ကျနော်အပြန်နောက်ကျလို့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ည၁၀နာရီလောက်ထိလေပစ်နေလို့ အင်တာနက်ကိုအကြာကြီးသုံးလို့
ကိုယ့်အ၀တ်ကိုယ်မလျှော်လို့ သူသင်တန်းသွားနေတုန်း မီးပူမတိုက်ထားလို့….စတဲ့…. စွပ်စွဲချက်တွေနဲ့  ဂင်းနစ်စာအုပ်မှာ မှတ်တမ်းတင်ခံရလောက်အောင်ရှည်တဲ့ ဂါထာတပုဒ်ကိုသူရွှတ်ပြီဆိုရင် နားအေးပါးအေးနေရတာကြိုက်တဲ့ နားပူတာကို သရဲခြောက်ခံမှာထက် ပိုကြောက်တဲ့ ကျနော်အတွက်ကတော့ ငရဲတခေါက် အလည်ရောက်သလိုပေါ့။

(အဲဒီအချိန်မှာ လုပ်လေ့ရှိတာကတော့ ရှိတဲ့ပိုက်ဆံလေးဘောင်းဘီအိတ်ထဲထိုးထည့်ပြီး စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားနဲ့ ရောက်သွားတတ်တာကတော့ အအေးဆိုင်တခု မဟုတ်ရင် ကမ္ဘာပတ်လို့ရတဲ့ ဖန်သားပြင်တခုရှိရာဆီပေါ့။)

သူကကားအကောင်းစားလေးတွေ ကားလှလှလေးတွေမြင်ရင် ငေးမောအားကျတတ်ပေမယ့် ကျနော့်အမြင်မှာတော့ ဒီပတ်ဝန်းကျင်ကို ထိုက်ခိုက်စေတဲ့ ကာဗွန်တွေထုတ်လွတ်ပြီးမှ ခရီးရောက်စေတဲ့ ယာဉ်တစ်စီးဟာ ကမ္ဘာကြီးကို ဘာဒုက္ခမှမပေးတဲ့ သေးငယ်ပြီးသယ်ရလွယ်ကူတဲ့ သူ့အပေါ်ရောက်တဲံလူတိုင်းကို စတိုင်ကျစေတဲ့ စကိတ်တစ်ခုလောက် စိတ်ဝင်စားဖို့ မကောင်းဘူးလို့ထင်တတ်ပါတယ်။ ပြိုင်ကားမောင်းသူတယေက်ဟာ စကိတ်တာတယောက်လောက် ဆွဲဆောင်မှုမရှိဘူးပေါ့ဗျာ။

ချစ်စရာကောင်းတဲ့ ကောင်လေးတွေဟာ ကျနော်စိတ်ဝင်စားဆုံးအရာထဲမှာ ပါဝင်ပြီး ကောင်လေးချောချောလေးတွေမြင်ရင် မျက်စိတဆုံးလိုက်ငမ်း အဲ ငေးတတ်ပေမယ့် သူကတော့ ယောက်ကျားလေးဆိုတာ ကမ္ဘာပေါ်မှာရှိမရှိသင့်တဲ့ သတ္တ၀ါတခုလို့ခံယူထားပုံရပါတယ်။ (အဲဒါကြောင့်လဲ ကိုးရီးယားဆန်ဆန်ရုပ်ရည်၊ ကြည့်ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အနေတော်အရပ်အမောင်း၊ ဖက်ရှင်ကျကျဝတ်ဆင်တတ်မှုဆိုတဲ့ အချက်တွေရှိနေပေမယ့်
သူ့ညီမလို ခုထက်ထိမစွံဖြစ်နေရှာပါတယ်)

စကားကို ရုပ်ရည်နဲ့မလိုက်အောင် ဘုဘောက်ပြောတတ်တဲ့ အမဟာ သူ့မောင်နှစ်တွေအိပ်ရေးမ၀မှာ အစားမမှန်မှာ စိုးရိမ်နေတတ်သူဖြစ်ပေမယ့် အမတွေရဲ့ယုံကြည်မှုအရနည်းပြီး နှုတ်လေးနဲ့မောင်နှစ်မတွေကို ဂရုစိုက်တတ်သူ ကျနော့်ကိုတော့ အမကြီးက သူ့တိုင်ပင်ဖင်တိုင်ပင်ဖက်ရာထူးကိုပေးထားပြီး ယုံကြည့်မှုအပြည့်အပ်နှင်းထားပါတယ်။
(ဒါဟာသူ့ရဲ့စိတ်ထင်ရင်ထင်သလို ပြောဆိုင်လုပ်ကိုင်တတ်တာကြောင့်လို့ ထင်ပါတယ်)

အဲဒီလို မတူညီမှုတွေ သိန်းသောင်းချီနေပြီး တယောက်နဲ့တယောက် သိပ်ကြည့်မရတဲ့ ဘတ်စ်ကားစီးရင်တောင် တယောက်တနေရာစီးတတ်တဲ့ အမကို တညမှာ ငါ့အမ တယ်ချစ်ဖို့ကောင်းပါလား လို့အတွေးဝင်ခဲ့မိတယ်ဗျ။
တခြားကြောင့်တော့ မဟုတ်ပါဘူး။

အင်တာနက်ဆိုင်ကို မသွားသင့်တဲ့နေရာတခုလို့ယူဆထားပြီး ဘလော့ဆိုတဲ့စကားလုံးကို ကြားဖူးရုံကလွဲလို့ စိတ်ဝင်တစားမရှိလှတဲ့ အမဟာ သူ့ညီမအင်တာနက်ဆိုင်မှာ ကြာနေလို့လိုက်ခေါ်ရင်း ကျနော်ရဲ့အချိန်အပေးရဆုံး အားအထုတ်ရဆုံး
ပိုစ့်အဖြစ်မှတ်တမ်းဝင်သွားတဲ့ မပြီးနိုင်မစီးနိုင် တန်ဆောင်တိုင်မှတ်တမ်းပိုစ့်လေးကို Preview  ကြည့်နေတာကို ဘေးမှာထိုင်စောင့်နေရင်း မြင်သွားတော့ ဘာပြောတယ်ထင်လဲဗျ။
ငယ်…နင်လုပ်ထားတာလား။ ဟုတ်နေတာပဲ။ နင်အဲလိုတွေလဲလုပ်တတ်နေလား တဲ့။

အဲဒီအချိန်မှာ ကျနော့်တကိုယ်လုံးကို စီးဆင်းသွားတာက ကြည်နူးမှုတွေပေါ့။
သူ့ရဲ့ဒီစကားတခွန်းကို ဘလော့မရေးစေကာမူ ဘလော့ဆိုကို သေသေချာချာသဘောပေါက်နားလည်တဲ့ သူငယ်ချင်းတွေနဲ့ ဘလော့ဂင်းနေတဲ့ သူငယ်ချင်းဘလော့ဂါတွေရဲ့ အားပေးစကားတွေထက်ပိုပြီး တာသွားခဲ့ပါတယ်။
ကျနော်ထင်မှတ်ထားတာက နင်ဘာတွေလျှောက်လုပ်နေတာလဲ။ အင်တာနက်ဆိုင်သွားပြီး ဒါတွေနဲ့အချိန်ကုန်နေတာလား ဆိုတဲ့ပုံစံမျိုးပါ။ မထင်မှတ်ထားပဲ ကျနော့်အမဟာ သူအမြင်ကတ်တဲ့ သူ့ညီမရဲ့ ကမျောက်ကချောက်စာတွေနဲ့
ကဖျစ်ကညစ်ပုံတွေစုစည်းထားတဲ့ ဘလော့လေးကို အားပေးစကားဆိုခဲ့ပါတယ်။

အဲဒီလို ရိုးရှင်းလှတဲ့ နည်းပါးလွန်းလှတဲ့ သူရဲ့စကားလုံးတွေနဲ့ပဲ ကျနော်အပေါ်မှာ သူပြောဆိုထားသမျှတွေဟာ သင်ပုန်းအချေခံလိုက်ရတယ်ဆိုပါတော့ဗျာ။

ကဲ………မောင်နှစ်မတွေဆိုတာ ဒီလိုပါပဲလေ။ ရန်ဖြစ်လိုက် ပြန်တည့်လိုက် မခေါ်လိုက် မပြောလိုက် ပြန်အဆင်ပြေလိုက်နဲ့ပဲ လုံးချာလည်လိုက်နေတာပဲ………….

မှတ်ချက်။       ။တနေ့နေ့ သူကကျနော့်ကိုအနိုင်ကျင့်လိုက် ကျနော်ကသူ့ကိုဗိုလ်ကျလိုက်နဲ့ နှစ်ပါးသွားနေရတဲ့ ကျနော့်အမအတွက် အမှတ်တရ….

This entry was posted on Saturday, November 28th, 2009 at 4:10 pm and is filed under ရေးမိရေးရာ. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

6 Comments

  1. MeeThae Says:

    မ့Blogကဘရ်ဟာဖတ်ဖတ်စိုစိုပြေပြေလေးတွေ…
    ကြိုက်၏…Keep the effort.. :)

    November 28th, 2009
  2. မနန်း Says:

    ထွေးငယ်ရေ
    အတူတူပါပဲ
    မိသားစုတွေဆိုတာဒီလိုပါပဲ
    ခင်မင်လျက်ပါ

    November 29th, 2009
  3. မနန်း Says:

    အင်တာနက်သိပ်ကြိုက်တယ်ပေါ့နော်

    November 29th, 2009
  4. မနန်း Says:

    ကျနော့်အမြင်မှာတော့ ဒီပတ်ဝန်းကျင်ကို ထိုက်ခိုက်စေတဲ့ ကာဗွန်တွေထုတ်လွတ်ပြီးမှ ခရီးရောက်စေတဲ့ ယာဉ်တစ်စီးဟာ ကမ္ဘာကြီးကို ဘာဒုက္ခမှမပေးတဲ့ သေးငယ်ပြီးသယ်ရလွယ်ကူတဲ့ သူ့အပေါ်ရောက်တဲံလူတိုင်းကို စတိုင်ကျစေတဲ့ စကိတ်တစ်ခုလောက် စိတ်ဝင်စားဖို့ မကောင်းဘူးလို့ထင်တတ်ပါတယ်။

    အမှန်တရားပါပဲ ထွေးငယ်ရေ

    November 29th, 2009
  5. စိုင်း Says:

    လာလည်ပါတယ်ဗျာ

    November 30th, 2009
  6. babecrow Says:

    luv it .. juz b who u r yound .. n we love you for that .. cheers !

    January 1st, 2010

Leave a Reply