January 23, 2010 - Posted by Htwe Nge - 0 Comments
မတွေ့တာ ဖုန်းမဆက်ရတာကြာတော့ လွမ်းသဗျာ..
ငယ်ငယ်ရေ တကယ်ပါဗျာ တဲ့
နင့်ဆီက ဒီနှစ်ကြောင်းသောစာလေးကို ဖတ်လိုက်ရတဲ့အတွက် ဖြစ်သွားတဲ့ ငါ့ခံစားချက်တွေ နင့်ကိုမပြောချင်ဘူး။
ဒါပေမယ့်…
နင်လဲသိချင်နေမှာပဲနော် ငါနင့်ကိုသတိရရဲ့လားလို့။
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ် မေးခွန်းတွေထုတ်ကြည့်တယ်။
သတိရရဲ့လားလို့။
ဟင့်အင်း
ငါနင့်ကိုသတိမရဘူးထင်တာပဲ
ငါ့မနက်တွေရဲ့ မရှိမဖြစ် ကော်ဖီခါးခါးတခွက်ကိုဖျော်ရင်း ကော်ဖီခွက်လေးထဲမှာ ငါနှစ်သက်တဲ့ ကော်ဖီမှုန့်လေးတွေ ဝေ့၀ဲနေတာကိုကြည့်ရင်း နင့်အကြောင်းကို တွေးမိတာ
ဘတ်စကားစီးရင်း လှမ်းကြည့်မိတဲ့ ၁၅လမ်းနားက ရွှေဆိုင်ဆိုင်းဘုတ်ဝါ၀ါလေးတွေကို ငေးကြည့်ရင်း နင့်အကြောင်းတွေ ငါ့ခေါင်းထဲရောက်လာတာ
အလုံကို တခါတလေရောက်နေသေးတဲ့ငါ နင်နဲ့အတူထိုင်ရင်းစကားတွေဖောင်ဖွဲ့ရင်း အချိန်တွေကုန်မြန်လိုက်တာလို့ တွေးမိစေတဲ့ လမ်းဘေးလက်ဖက်ရည်ဆိုင်လေးနား ဖြတ်မိတိုင်း ငါ့ရင်ထဲမှာ တမျိုးတမည်ခံစားမိတာ
ငါစီးနေတဲ့ ဖိနပ်လေးကို အမှတ်တမဲ့ကြည့်မိတိုင်း နင်နဲ့ဆင်တူလေးဖြစ်နေတယ်ဆိုတဲ့ အတွေးတွေနဲ့ ငါပြုံးမိသလား မျက်နှာလွဲမိသလား မသေချာတာ
ချမ်းအေးတဲ့ တောင်ပေါ်ညတွေမှာ နင်နဲ့ဖုန်းပြောတဲ့ အချိန်တွေကို ပြန်တွေးရင်း နွေးထွေးသွားတာ
နင်နဲ့မတွေ့ခင်ကာလအထိ မိုင်တွေထောင်ချီဝေးနေတဲ့နေရာက တဦးတယောက်သာ ပိုင်စိုးထားတဲ့ ငါ့ရဲ့အတွေးတွေသတိရခြင်းတွေမှာ နင်ကအစားထိုးနေရာယူလာတာ
သူ့တဦးတည်းပေါ်မှာ ဖြစ်ပေါ်ခဲ့ဖူးတဲ့ခံစားချက်တွေ နင့်ပေါ်မှာ ထပ်တူဖြစ်နေလို့ ငါကိုယ်ငါအံ့သြမိတာ
ငါပိုင်ဆိုင်ထားတဲ့အရာတွေထဲက ငါအနှစ်သက်ဆုံးဖြစ်တဲ့ ငါ့ကွန်ပြူတာလေးထဲမှာ နင့်နဲ့ ပတ်သက်တဲ့အကြောင်းလေး ကဗျာလေးတွေရေးမိတာ…………….
ဟုတ်တယ်…
ငါနင့်ကို လွမ်းဖို့နေနေသာသာ သတိတောင်မရဘူး
ငယ်ငယ်
ည ၁၁နာရီ ၄၈ မိနစ်၊ ဇန်န၀ါရီ ၂၂၊ ၂၀၀၉
January 17, 2010 - Posted by Htwe Nge - 0 Comments

မနေ့ညက သူငယ်ချင်းတွေနဲ့ Avatar သွားကြည့်ဖြစ်တယ်။ ဘာမှထူးထူးခြားခြားတော့မဟုတ်။ သူငယ်ချင်းတွေနဲ့မဆုံတာကြာတရယ် ၀င်ငွေအကောင်းဆုံးနံပါတ်တစ်ဆိုတာရယ် Titanic ရဲ့ ဖခင်ကြီး ဂျိမ်းစ်လက်ရာဆိုတာရယ်
ဂျာနယ်တချို့ရဲ အမွမ်းတင်မှုတွေနဲ့ မရောက်တာကြာပြီဖြစ်တဲ့ နေပြည်တော်ကို အုပ်လိုက်ကြီးချီတက်ကြတာပေါ့။
အရေးထဲ နောနော်ဆိုတဲ့အကောင်က သူ့ရဲ့မတော်ရသေးတဲ့စော်ကို
မြင်ပြီး လိုက်ဖွန်နေလို့ စောင့်ရသေးတဲ့။ ထွက်လိုက်တဲ့ ဒေါသ။ အဲအကောင်ကို အစိမ်းလိုက်သာကင်ပြီး မြန်မာနဲ့မြည်းပြစ်ချင်တယ်။ အရသာရှိမယ်လဲမထင်။ အနက်နုရောင်အသားအရေနဲ့ အရပ်ကပုသေး စော်ကဖွန်သေး ကပ်စေးကနဲသေး။
သူများကိုဖဲ့ရမယ်ဆိုရင်လည်း ၂ယောက်မရှိတဲ့ကောင်။ အားလုံးတိုင်ပင်ပြီးသူ့ကိုထားခဲ့မယ်လုပ်နေတုန်းရှိသေး လဒကပြန်ရောက်လာတယ်။ အချိုးကိုမပြေ။ သူငယ်ချင်းတွေနဲ့ဆုံပြီး ရုပ်ရှင်ကြည့်ဖို့တက်နေတဲ့ဖီလင်က သူ့ကြောင့်တ၀က်လောက်ပျက်စီးကုန်ပြီ။
နေပြည့်တော်ရောက်တော့ ရှေ့မှာရော အထဲဘက်မှာရော လူတွေအပြည့်။ ဟာ…လက်မှတ်တောင်ရပါ့မလားလို့ စိုးရိမ်ခဲ့ပေမယ့် အဲလောက်ကံမဆိုးခဲ့ပါဘူး။
ရုံထဲရောက်တော့ ခုံနေရာလွတ်တောင် မရှိသလောက်။ နေရာလေးရတာကျေးဇူးတင်ရမယ်။ ဘေးကစုံတွဲကလဲ ဇာတ်ကားမစသေး။ ဘာတွေလုပ်နေမှန်းမသိ။ စိတ်ရှုပ်လိုက်တာ။ ဂျိမ်းစ် အဲ Avatar ရေမြန်မြန်လာပါတော့။
ဒီနေရာမှာ ကြုံတုန်းလေးတခုပြောချင်တာရှိတယ်ဗျ။ နိုင်ငံတော်အလံကို ပိတ်ကားထက်မှာလွင့်ထူတဲ့အချိန် ထိုင်ရာကနေ တုတ်တုတ်မလှုပ်တဲ့လူငယ်တချို့နဲ့ တာဝန်ကျေတော့ မတ်တပ်ရပ်ပါရဲ့
တ၀က်တပျက်ပြန်ထိုင်သွားတဲ့ တော်တော်များများလူတွေပါ။ ဘာတွေညာတွေ ကျွန်တော်မပြောချင်ပါဘူး။ သိလဲမသိပါဘူး။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့လုပ်ပေးနိုင်တဲ့ အနိမ့်ဆုံးအဆင့်သော လေးစားမှုကိုပြသခြင်းပါပဲ။ ဒီနေရာမှာ နိုင်ငံတော်
တီးလုံးပြီးဆုံးတဲ့မတ်တပ်ရပ်တဲ့သူကတောင် သူများနဲ့မတူပဲ ငကြောင်လို့အထင်ခံရနိုင်တဲ့အခြေအနေပေါ့။ ထိုင်ရာကနေမထတဲ့သူက ရှက်စရာမကောင်းပဲ အကြာကြီးမတ်တပ်ရပ်မိတဲ့သူကပဲ ရှက်စရာကောင်းနေသလိုလို။
ထားပါတော့လေ။ လူတတ်ကြီးလုပ်နေလိုက်တာ သူ့ကိုယ်သူဘာများမှတ်နေတယ် မသိဘူးဆိုတာမျိုးဖြစ်နေအုံးမယ်။ လူငယ်တွေဟာ ပျော်ပျော်နေရမယ့်အပိုင်း လူငယ်ဆန်ရမယ့်ကဏ္ဍ ရိုးရာအစဉ်အလာတွေကို တော်လှန်သင့်ရင်တော်လှန်ရပေမယ့်
ကိုယ့်နိုင်ငံတော်သီချင်းနဲ့အလံကိုတော့ လေးစားသင့်(စိတ်မပါရင်တောင်)တယ်ထင်လို့ပါ။ ကဲ….ထွေးငယ် ထွေးငယ်။ လူတတ်ကြီးလုပ်ပြီးပြောနေတာတွေရပ်ပါတော့။ အဲဒီလိုမဟုတ်ရပါဘူးဗျာ။ ထင်မြင်မိတာလေးပါ။
အမှားပါရင် အားလုံးကို တောင်းပန်ပါတယ်။
ကဲ..လာပါပြီ။ မျော့်လင့်စောင့်စားနေရတဲ့ သူ။ ဇာတ်ကားရဲ့အဖွင့်ကို ၂၂ရာစုမြင်ကွင်းတခုနဲ့စတင်ထားပါတယ်။ စက်ယန္တရားတွေ အံ့မခန်းတိုင်းတက်နေတဲ့အချိန်။ ကမ္ဘာကြီးရဲ့ အလှတရားနဲ့ပိုင်ဆိုင်မှုတော်တော်များများလည်း ပျက်သုဉ်းနေပြီး
တဲ့အချိန်ပေါ့။ ရိုဘော့တွေဟာလုပ်သားနေရာတွေမှာဝင်ရောက်လာပေမယ့် လူတွေရဲ့စေခိုင်းခံအဆင့်မှာပဲရှိပါသေးတယ်။ စက်ယန္တရားတွေလွမ်းမိုးမှုအပိုင်းကို မမြင်မိ။
ဇာတ်ကားရဲ့အဖွင့်က စိတ်ဝင်စားဖို့ကောင်းပေမယ့် အဲဒီထက်ပိုစိတ်ဝင်စားဖို့ကောင်းတာက အဓိကဇာတ်ကောင်မင်းသားဖြစ်တဲ့ဂျေပါ။ ဘယ်လိုမှထင်မှတ်မထားပဲ အဓိကအကျဆုံးဇာတ်ဆောင်မင်းသားဟာ ခြေနှစ်ဖက်မသန်တဲ့ ဒုက္ခိတလေးတယောက်ပါ။
အခြားသော သိပ္ပံကားတွေထဲလို လူတကာထက်သာလွန်တဲ့ စွမ်းအင်တွေပိုင်ဆိုင်ထားတဲ့ ကမ္ဘာကြီးဒုက္ခရောက်နေချိန်ကယ်တင်မယ့် မင်းသားအမျိုးအစားနဲ့တော့ဝေလာဝေးပေါ့။ စိတ်ထဲမှာပေါ့ ဂျိမ်းစ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီပေါ့။
တခြားသူတွေတော့မသိဘူး အဲဒီအချက်ဟာ ဒီဇာတ်ကားအဖွင့်မှာတင် ကျွန်တော့်ကိုဆွဲဆောင်လိုက်ပါတယ်။ ဒီဘီးတပ်ကုလားထိုင်နဲ့ ရုပ်ခပ်ဖြောင့်ဖြောင့်မင်းသားဟာ ရှေ့ဆက်ဘယ်လိုများ ကပြမှာလဲရယ်လို့ပါ။
သူ့ကိုမြင်ဖူးပါတယ်ဆိုပြီးတွေးနေရင်း သူငယ်ချင်းကိုမေးကြည့်တော့မှ အာနိုးကြီးနဲ့တွဲထားတဲ့ Terminator 4 ထဲမှာ လူသားနှလုံးသားနဲ့ စက်ရုပ်အဖြစ်သရုပ်ဆောင်တဲ့ မင်းသားဖြစ်နေတာကိုး။
ဒီဇာတ်ကားထဲမှာ နည်းပညာတွေအံ့မခန်းတိုးတက်နေတာတွေကို ပြသထားပေမယ့် မျက်စိနောက်စရာ သိပ္ပံဝတ်စုံတွေနဲ့ ပြကွက်တွေကို မလိုအပ်ပဲနဲ့ထည့်မထား။ အဲဒီအချက်တွေကြောင့် ရောမကားနဲ့သိပ္ပံကားတွေကို
သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်လိုလူမျိုးအတွက်ကတော့ တော်တော်လေးကို မျက်စိအဆင်ပြေတယ်။
ဂျိတ်ဟာ မရိန်းတပ်သားဟောင်းတစ်ဦးဖြစ်ပြီး အခြားသောမရိန်းများနဲ့အတူ တာဝန်တခုပေးအပ်ခြင်းခံရပါတယ်။
Pandoran ဆိုတဲ့ ဂြိုလ်ကို သွားရောက်လေ့လာရေးအဖွဲ့မှာ လုံခြုံရေးအနေနဲ့ပေါ့။ အဲဒီဂြိုလ်ဟာ ကမ္ဘာကြီးမှာ လူသားတွေကြောင့် ပျေက်ကွယ်သွားရှာပြီဖြစ်တဲ့ အလှတရားတွေကို အံ့မခန်းလောက်အောင်ပိုင်ဆိုင်ထားပြီး ဂြိလ်သားတမျိုးလည်းနေထိုင်ပါတယ်။
သူတို့ဟာလူနဲ့ အနည်းငယ်တူပေမယ့် အများကြီးကွာခြားပါတယ်။ အပြာရောင် အသားအရေနဲ့ အရပ်ပိုရှည်တယ်။ လူကောင်ပိုကြီးတယ်။ မျက်လုံးအိမ်ကျယ်တယ်။နားရွှက်ပိုရှည်တယ်။ ပြီးတော့ အမြီးပါတယ်။ အဲဒီအမြီးဟာ အမြီးတခုထက်ပိုမိုတဲ့ အဓိပ္ပါယ်နဲ့လုပ်ဆာင်ချက်တွေရှိပါတယ်။
ဂြိုလ်သားတွေမှာလား လူမျိုးစုတွေရှိပြီး ကိုယ့်ဒေသနဲ့ကိုယ်နေထိုင်ကြသလို အဓိကဇာတ်ကောင်ထားထားတဲ့ မျိုးနွယ်စုကတော့ Na’vi လို့အမည်ရပါတယ်။
သူတို့ဟာ ခေါင်းဆောင် လက်အောက်ငယ်သားစသည်ဖြင့် စနစ်တကျတည်ရှိနေတဲ့အဖွဲ့အစည်းတခုဖြစ်ပြီး သစ်ပင်တောတောင်တွေဟာ သူတို့ရဲ့အသက်ပါ။
အဲဒီတောအုပ်မှာ ရှင်သန်သမျှ အပင်တပင်နဲ့တပင် ပန်းပွင့်တခုနဲ့တခု တောအုပ်တခုချင်းစီဟာ ပတ်သက်ဆက်နွယ်မှုရှိပြီး အဖွဲ့အစည်းတခုအဖြစ် အတူတကွရှင်သန်နေကြသူတွေပါ။
ကမ္ဘာသူကမ္ဘာသားတွေက unobtanium လို့အမည်ရတဲ့ သတ္တုတမျိုးကိုရှာဖွေရရှိဖို့ရန် မြေလှန်ဖို့ဆုံးဖြတ်ထားတဲ့နေရာပေါ့။
(ဒီနေရာရောက်ပြီဆိုတာနဲ့ အံ့သြဘနန်းရှူစားရမှာက 3D animationတွေရဲ့ အစွမ်းပါ။ ရင်သပ်ရှုမောရလောက်အောင်ကောင်းမွန်သေသပ်ပြီး မစဉ်းမိလောက်အောင် ဖန်တီးထားတဲ့ အထူးပြုလုပ်ချက်တွေနဲ့ပေါ့။)
ဂျိတ်ဟာ အဲဒီဂြိလ်ကိုသွားရောက်ပြီး ဂြိုလ်သားတွေကိုလေ့လာဖို့အတွက် ဂြိလ်သားခန္ဓာကိုယ်(အတု)အတိုင်း ဖန်တီးယူပါတယ်။ သူတို့တွေကို Avatar လို့ခေါ်ပါတယ်။
အဲဒီခန္ဓာကိုယ်ကို စိတ်နဲ့ဆက်သွယ်အလုပ်လုပ်ပြီးသူ့ရဲ့အစစ်အမှန်ခန္ဓာကိုယ်က သူ့ကိုဘ၀ပြောင်းပေးတဲ့ ဖန်ပေါင်းချောင်တခုထဲမှာရှိနေချိန် သူဟာကောင်းမွန်တဲ့ ခန္ဓာကိုယ်တခုကိုပိုင်ဆိုင်ထားတဲ့ ဂြိုလ်သားတစ်ဦးအနေနဲ့ပေါ့။
မထမဆုံး ခန္ဓာကိုယ်အတုကိုယ်ရရှိတဲ့အချိန် သူ့ခြေထောက်သူကြည့်ရင်း အပျော်လွန်ပြီး ပြေးလွားနေတဲ့ဂျေ။
လက်တွေ့ဘ၀ထဲကိုပြန်လည်ရောက်လာတော့ သူဖာသာသူဘာလှုပ်ရှားမှုမှမလုပ်နိုင်တဲ့ ခြေထောက်အသေတွေနဲ့။
သူအစစ်မဟုတ်တာကလွဲရင် အဲဒီဂြိုလ်ပေါ်သူရောက်နေချိန် သူကြုံတွေ့နေတဲ့အရာမှန်သမျှဟာ အစစ်အမှန်တွေပေါ့။ သူထိတွေ့သမျှအပင် ကြုံတွေ့ရတဲ့အန္တရယ်မှန်သမျှပေါ့။
Pandoran ဂြိုလ်ပေါ်မှာ အန္တရာယ်နဲ့ကြုံလို့ပြေးရင်းလွှားရင်း လူစုကွဲရင်းကျန်ခဲ့တဲ့ဂျေ ဘယ်လိုမှအသက်ရှင်လိမ့်မည်လို့မထင်ထားခဲ့ပေမယ့် နောက်နေ့မနက်အထိဂျေဟာ အသက်ရှင်လျှက်ပေါ့။
မည်းမှောင်နေတဲ့ညရဲ့အလယ် သူ့ကိုတိုက်ခိုက်ဖို့ကြိုးစားတဲ့ သတ္တ၀ါဆိုးကြီးတွေရဲ့အလယ်ကနေ ကယ်တင်ခဲ့သူကတော့ Neytiri အမည်ရတဲ့ ဂြိုလ်သားမလေးတစ်ဦးပါ။
သူမဟာ ဂျေလမ်းပျောက်နေတဲ့အချိန်မှာမြင်ပြီး အတုအယောင်ဂျေကိုသတ်ဖို့ကြံစည်ခဲ့ပေမယ့် Eywa လို့ခေါ်တဲ့ သတ္တ၀ါဆန်းတမျိုးကြောင့် လက်လျှော့ခဲ့သူပါ။
Eywa တွေဟာ သိပ်ကိုထူးခြားအရေးပါတဲ့သူတွေဖြစ်ပြီး Na’vi တွေရဲ့မွေးဖွားခြင်းကနေ သေဆုံးချိန်အထိ အရေးပါတဲ့သူတွေပေါ့။
နောက်ပိုင်းမှာဂျေဟာ အခြေစိုက်စခန်းကနေ ပုံမှန်စေလွတ်ခံရပြီး Na’vi တွေကလည်း သူ့တို့နဲ့နေထိုင်ပြီး သူ့တို့ရဲ့ဓလေ့ထုံးစံတွေကိုသင်ကြားဖို့ ဂျေကိုလက်ခံခဲ့ပါတယ်။ အဲဒီအတွက် ဂျေကိုသင်ကြားပေးဖို့တာဝန်ကျသူကတော့ Neytiri
ပါ။ လူမျိုးစုခေါင်းဆောင်ရဲ့သမီးဖြစ်ပြီးရဲရင့်ထက်မြက်တဲ့ Nyetiri ဟာ အချိန်ကြာလာတာနဲ့အမျှ ဂျိတ်ရဲ့သင်ယူနိုင်စွမ်းနဲ့ စွမ်းရည်သတ္တိကိုသိရှိနားလည်လာပြီး သူတို့နှစ်ယောက်ကြားထဲက သံယောဇဉ်တွေဟာလည်း တိုးသတက်တိုးလို့ပေါ့။အဲဒီအချိန်မှာပဲ ကမ္ဘာမြေမှာရှိတဲ့ အခြေစိုက်စခန်းက တာဝန်ရှိသူတွေဟာ ဂျိတ်ကြောင့် ရဲ့ လူသိနည်းတဲ့နေရာများကိုပိုမိုသိရှိလာပြီး ဖျက်ဆီးပါတော့တယ်။ အဲဒီအချိန်မှာ ဂျေကလည်း Na’vi တွေရဲ့ ယုံကြည်မှု၊ သစ္စာတရား၊ အလေ့အထ
အကုန်လုံးနီးပါးကို နားလည်သဘောပေါက်နေချိန်ဖြစ်ပြီး ဒီအံ့မခန်းလှပတဲ့ သဘာဝန်ဆန်ဆန် တစ်ဦးနဲ့တစ်ဦးအမှီသဟဲပြုနေထိုင်ကြတဲ့ ဂြိုလ်ကြီးကိုမြေလှန်မယ့်အစီအစဉ်ကို စတင်ကန့်ကွက်ပါတော့တယ်။
လူသားတစ်ဦးရဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ဂြိုလ်သားတယောက်ရဲ့ဖြစ်တည်ခြင်းကို နှစ်သက်မိတဲ့ ဂျေရဲ့အခက်ခဲဆုံးအချိန်တွေပေါ့။
အဲဒီလို ဘေးကျပ်နံကျပ်ကြုံတွေ့နေရတဲ့ဂျိတ်ဟာ လူသားတွေရဲ့ဖျက်ဆီးရေးအစီအစဉ်ကို ဘယ်လိုမှတားလို့မရတဲ့နောက် သူလုပ်နိုင်တာတခုကတော့ Na’vi တွေ ဘေးလွတ်ရာကို တိမ်းရှောင်ဖို့သွားရောက်ပြောဆိုခြင်းပါ။
အဲဒီအတွက် သူရတဲ့အချိန်က ၁နာရီ။ အဲဒီလိုအခြေအနေမှာ သူရရှိလိုက်တာကတော့ Neytiri ရဲ့အမုန်းတရားနဲ့ တွေသူအပေါ်ထားရှိတဲ့ ယုံကြည်မှုတွေပျက်ပြားခြင်းပေါ့။ တိုက်ခိုက်မှုတွေကလည်း အလုံးအရင်းနဲ့ဝင်ရောက်နေတဲ့အချိန်။
Na’vi တွေဟာ Tree of Souls ဆိုတဲ့နေရာတခုမှာသွားရောက်ခိုလှူံနေချိန်မှာ ဂျိတ်ဟာသူကဲ့သို့သော ယုံကြည်ချက်တူသူလုပ်ဖော်ကိုင်ဖက်တချို့ရဲ့ အကူအညီနဲ့အတူ Na’vi တွေကို ကူညီရင်း မျိုးနွယ်တူလူသားတွေကို
ပြန်လည်ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သူရဲ့အစွမ်းနဲ့ Na’vi တွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူဦးဆောင်ပြီး အဲဒီဂြိုလ်ပေါ်မှာ အခြားအခြားသောမျိုးနွယ်စုတွေကိုပါ စုစည်းပြီး ခေတ်မှီလက်နက်ခဲယမ်းမီးကျောက်တွေနဲ့ မညှာမတာတိုက်ခိုက်လာတဲ့
လူသားစစ်သည်တွေကို အနိုင်ယူပြီး အဆုံးမှာသူကိုယ်တိုင်လည်း Na’vi အဖြစ်ထာဝရခံယူဖို့ သူရဲ့ဝိညာဉ်ကိုလူသားခန္ဓာကိုယ်မှ သူရဲ့ကိုယ်ပွားAvatarထဲကို Na’vi တွေရဲ့ အကူအညီနဲ့လွဲပြောင်းရင်း ရုပ်ရှင်ကိုအဆုံးသတ်ထားပါတယ်။
အပြည့်အစုံမဟုတ်ပေမယ့် အကြမ်းဖျင်းလေးပါ။ အသေးစိတ်ကိုတော့ ရုပ်ရှင်ကြည့်ဖူးတဲ့လူတိုင်းသိကြမှာပါ။
(ဒီဇာတ်ကားမှာ ကျနော့်ရင်ကိုထိရှစေတဲ့ အတွေးပွားစေတဲ့ ဇာတ်ဝင်ခန်းလေးတွေပါဝင်ပါတယ်။ Avatarဆိုတဲ့ ခန္ဓာကိုယ်အတုမှာ ကောင်းမွန်တဲ့ခြေထောက်တွေပိုင်ဆိုင်ပြီဆိုပြီး အပျော်လွန်နေတဲ့ ဂျိတ်။ လက်တွေ့ဘ၀ရောက်လာတဲ့အချိန်
သူ့ရဲ့သေးသိမ်လှုပ်ရှားနိုင်စွမ်းမရှိတဲ့ခြေထောက်တွေနဲ့ ပြန်အသိဝင်လာတဲ့ ဂျိတ်။
Na’vi တွေရဲ့ တန်ဖိုးထားရာ ဧရာမကြီးမားတဲ့ Tree Of Voices ကြီး လူမည်သောလူသားတွေရဲ့လူမဆန်တဲ့ဖျက်ဆီးလိုစိတ်ကြောင့် တအိအိပြိုကျသွားတဲ့မြင်ကွင်း။
အလွန်လှပတဲ့သစ်ပင်ပန်းမန်တွေနဲ့ပြည့်နှက်နေတဲ့နေရာလေးတခုကနေ ပေါက်ကွဲသံတွေ မီးလျှံတွေနဲ့ အကျဉ်းတန်နေရာလေးတခုအဖြစ်ပြောင်းလဲသွားရှာတဲ့ Na’vi တွေရဲ့ Hometree)
အဲဒီဇာတ်သိမ်းခါနီးဇာတ်ဝင်ခန်းတွေကြည့်နေရင်းနဲ့ပဲ ကျနော့်ရင်တွေပိုလှုပ်ရှားလာပြီး အတွေးတွေလည်းကယောက်ကယက်။ Pandoranဂြိုလ်ကြီးကိုဖျက်ဆီးဖို့ကြိုစားနေတဲ့ စစ်သားတွေကို စစ်သားတွေလိုမမြင်တော့ပဲ လက်ရှိကမ္ဘာပေါ်က
လူသားတွေအားလုံးကိုကိုယ်စားပြုသူတွေအဖြစ်မြင်လာပါတယ်။ Pandoran ဂြိုလ်ကြီးကိုတော့ ကမ္ဘာပေါ်မှာလက်ရှိတည်ရှိနေတဲ့ လှပနေသေးတဲ့ တောအုပ်ကြီးတွေအဖြစ်နဲ့။ Na’vi တွေဟာ ဂြိုလ်သားတွေမဟုတ်ပဲ ကမ္ဘာမြေရဲ့တောအုပ်မှာ
နေထိုင်ကြတဲ့ အပြစ်မဲ့သတ္တ၀ါတွေတဲ့။ Pandoran ဆိုတဲ့လှပတဲ့နေရာတခုကို တစုံတခုသောသတ္တုတခုကိုလိုချင်တဲ့စိတ်နဲ့ မြေလှန်ဖျက်ဆီးဖို့ကြိုးစားရင်း သဘာဝတရားရဲ့အကူအညီတွေနဲ့ဂြိုလ်သားတွေရဲ့တန်ပြန်တုန့်ပြန်မှုမှာ မရှုမလှအရေးနိမ့်သွားရှာတဲ့လူသားတွေ။ Na’vi တွေရဲ့ လူဆန်သောစိတ်ထားကြောင့် ရှုံးနိမ့်ခဲ့ပေမယ့် ကမ္ဘာမြေကိုပြန်သွားနိုင်ခဲ့တဲ့ လူသားတွေ။
လက်ရှိကမ္ဘာကြီးပေါ်မှာနေထိုင်ရင်း ကမ္ဘာမြေရဲ့လေကိုရှုရှိုက် ကမ္ဘာမြေမှပေးဝေတဲ့အာဟာရတွေကိုစားသုံး ရင်းမြစ်တွေကိုသုံးစွဲပြီး ကမ္ဘာမြေကိုစောင့်ရှောက်ဖို့နေနေသာသာ ကမ္ဘာမြေကြီးတနေ့တခြားအားအင်တွေယုတ်လျှော့လာအောင် ဖျားနာလာအောင်
ဆက်လက်မရှင်သန်နိုင်တော့အောင် နည်းမျိုးစုံနဲ့ကျေးဇူးဆပ်နေကြတဲ့လူသားတွေ ကမ္ဘာမြေကြီးခံနိုင်စွမ်းရည်တွေကုန်ဆုံးတဲ့တနေ့ Avatar ရဲ့ဇာတ်သိမ်းထဲမှာလို အိမ်ပြန်စရာနေရာရှိပါ့မလားရယ်လို့…………….
(သူငယ်ချင်းတွေနဲ့အတူတူ နေပြည်တော်မှာတင်တဲ့ အင်္ဂလိပ်ကားတိုင်းကို မလွတ်တမ်းနီးပါးကြည့်တတ်တဲ့ ကျနော်ရဲ့ပထမဆုံးသော ရုပ်ရှင်နဲ့ပတ်သက်တဲ့ပိုစ့်လေးပါ။
ဂျာနယ်တချို့မှာရေးသားသလို Titanic ဖခင်ကြီး ဂျိမ်းစ်ကင်မရွန်တယောက် Avatarဆိုတဲ့ဇာတ်ကားကို ၀င်ငွေစံချိန်ချိုးဖို့သက်သက်၊ အံ့မခန်းတဲ့ ဂရပ်ဖစ်တွေ Animationတွေနဲ့ ပရိတ်သတ်တွေကို ရင်သပ်ရှုမောစေဖို့
ရည်ရွယ်ချက်သက်သက်နဲ့သာ ရိုက်ကူးခဲ့တာမဟုတ်ဘူးလို့ ယုံကြည်ရင်း…..)
လေးစားစွာဖြင့်
ထွေးငယ်
January 12, 2010 - Posted by Htwe Nge - 5 Comments
အရပ် ၅ပေပြည့်ဖို့ မဆိုစလောက်လေးလိုနေတဲ့သူ
ရုပ်ဆိုးတယ်လို့လဲ အပြောခံရပြီး ချစ်စရာကောင်းတယ်လို့လဲ (ရံဖန်ရံခါ) အပြောခံရတဲ့သူ
တသက်လုံးဆံပင်ရှည်မထားဖူးတဲ့သူ
ယောက်ကျားလေးဆန်ပေမယ့် ယောက်ကျားလျှာမဟုတ်သူ
ဟက်ဟက်ပက်ပက်ရီမောတတ်သူ
စိတ်ရှုပ်ရင်ခေါင်းကုတ်တတ်သူ
စကားကို ရှင်းရှင်းလင်းလင်းမပြောတတ်တဲ့သူ
တကိုယ်လုံးခြုံကြည့် ဘယ်နေရာမှမလှတဲ့သူ
အိပ်ပုတ်ကြီးတဲ့သူ
အစားမက်တဲ့သူ
ညနက်အောင်နေရတာကြိုက်တဲ့သူ (တခါတရံ ဟိုလုပ်ဒီလုပ်နဲ့ ညလုံးပေါက်တတ်သူ)
နေဖင်ထိုးမှ ထတတ်သူ
ပစလက်ခတ်နေတတ်သူ
ဝတ်စရာတထည်မှ မရှိသောအခါမှ အ၀တ်လျှော်ရန် စဉ်းစားတတ်သူ
မလျှော်ရသေးတဲ့ အ၀တ်ကိုပြန်ဝတ်တတ်သူ
လျှော်ပြီးသားအ၀တ်ကို မီးပူတိုက်ရမှာပျင်းလို့ ဒီတိုင်းကောက်ကက်စွပ်တတ်သူ
ထမင်းဟင်းချက်ရမှာ သေမတတ်ပျင်းသူ
ဒါပေမယ့် ဟင်းချက်ကောင်းတယ်လို့ ခဏခဏအပြောခံရပါတယ် (အဖေအပါအ၀င်)
မနက်အိပ်ရာထရေမချိုးပဲမနေနိုင်တဲ့သူ
ကော်ဖီခါးခါးကြိုက်တဲ့သူ
ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူ
လက်ဆယ်ချောင်းမပြည့်သော အပေါင်းအသင်းကို ပိုင်ဆိုင်ထားသူ
သယ်ရင်းမရှိရင် အသက်မရှင်နိုင်တဲ့သူ
ယောင်းမတွေအများကြီးရှိတဲ့သူ (ပေးထာတယောက်မှမပါဘူး)
သယ်ရင်းတွေနဲ့ ဟေးလေးဝါးလားလုပ်ရတာကြိုက်တဲ့သူ
ကောင်လေးချောချောဆိုရင် သမင်လည်ပြန်ကြည့်တတ်သူ
ဆိုင်ထိုင်ရတာကြိုက်တဲ့သူ
စာဖတ်ပျင်းတဲ့သူ
စာလုပ်ရမှာ မုန်းတဲ့သူ
ဆရာတွေနဲ့ သိပ်ကီးမကိုက်သူ
အတန်းအမြဲတမ်းနောက်ကျလို့ ခဏခဏသတိပေးခံရတတ်သူ
စာသင်ချိန်မှာ အိပ်ငိုက်လို့ အပြောခံရတဲ့သူ
ထိခိုက်ခံစားလွယ်သူ
အလွယ်တကူ မျက်ရည်ကျတတ်သူ
အလွယ်တကူ သနားတတ်ပြီး ဘာမှမကူညီတတ်သောသူ
ပြန်မပြော နားမထောင်တတ်တဲ့သူ
ဘာသာတရားနဲ့ဝေးကွာပြီး ဒိဌိဆန်ဆန်နေတတ်သူ
ဆုံးဖြတ်ချက်တခုကို လွယ်လွယ်မချတတ်သူ (မချနိုင်ဘူးပြောရင် ပိုမှန်ပါလိမ့်မယ်)
နောင်တရစရာ ဆုံးဖြတ်ချက်တွေကို ခဏခဏချတတ်သူ
အမှားတခုကို အကြိမ်ကြိမ်အခါခါကျူးလွန်တတ်သူ
ကိုယ့်ကိုကိုယ်ပြုပြင်ဖို့ ဘယ်တော့မှ မကြိုးစားတဲ့သူ
ရည်မှန်းချက်အကြီးကြီးကိုသာထားတတ်ပြီး ထိုရည်မှန်းချက်ပြည့်ဝစေရန် အသက်ခပ်ပြင်းပြင်းရှုရန်ပင် အားမထုတ်တတ်သောသူ
ဂျာနယ်လစ် သို့ environmentalist ဖြစ်ချင်သောသူ
ဘယ်အရာပေါ်မှာမှ စိတ်ဝင်စားမှုမရှိသောသူ
သွေးထွက်သံယို မကြည့်ရဲသောသူ
သရဲကားများကြည့်ရန် သတ္တိမရှိသောသူ
ကာတွန်းကားများ နှစ်သက်သူ
မျက်လုံးအားနည်းသောသူ
အကြော အဲဗားတက်နေသူ
ခေါင်းခဏခဏကိုက်တတ်သောသူ
အလုပ်တခုအား စိတ်ကျေနပ်သည်အထိအချိန်ယူလုပ်တတ်သူ
ပြီးပြီးရောမလုပ်တတ်တဲ့သူ
စောင့်စားခြင်းအား အရာအားလုံးထက်မုန်းတီးသူ
ခွေးများအားချစ်တတ်သူ (ကြောင်ကိုတော့မုန်းတယ်)
ပွင့်လင်းသည်ဟုထင်ရသောလည်း လှို့ဝှက်တတ်သောသူ
ပျော်ပျော်နေတတ်သော်လည်း တွေဝေလေးနက်တတ်သူ
အလွယ်တကူရင်မဖွင့်တတ်သူ
စိတ်ပင်ပန်း လူပင်ပန်းဒဏ်မခံနိုင်သူ
ရည်းစားမရှိသေးပဲ အသည်းကွဲဖူးတဲ့သူ
မဟုတ်တဲ့နေရာမှာ မာနကြီးတတ်တဲ့သူ
အပြန်အလှန်စိတ်ထားမရှိသောသူများအား မုန်းတီးတတ်သူ
အသွားအလာနည်းသော်လည်း တနေ့တခါအပြင်မထွက်ရမနေနိုင်သူ
ုအချို့နေရာတွင် ရေစုန်မျောလိုက်တတ်ပြီး တချို့တချို့သောနေရာများတွင် ရေဆန်တက်ဖို့ဝန်မလေးသူ
ဝိုင်ကြိုက်တဲ့သူ
ဘီယာတခါတလေသောက်တတ်သူ
တို့ဖူးကြိုက်သောသူ
ဆေးလိပ်တခါသောက်ဖူးသောသူ
ထွေးငယ်ရဲ့ အဓိက အချက်ကြီး ၃ ချက်
ရည်းစားမရှိသေးတဲ့သူ
ပြီးပြည့်စုံခြင်းမရှိသော အားနည်းချက်များစွာနဲ့လူ
ကမ္ဘာလောကကြီးအား အမြဲတမ်းလှပနေစေချင်သူ
January 1, 2010 - Posted by Htwe Nge - 2 Comments
ပြောချင်တာက ဆုတောင်းစကားလေးနည်းနည်းပါ။
ဒီပိုစ့်လေးကို ဖတ်မိတဲ့ သူငယ်ချင်းတွေရော မဖတ်မိတဲ့သူငယ်ချင်းတွေရော၊ ကျွန်တော်အပေါ် အနိုင်ကျင့်တတ်ပြီး ကျွန်တော်ဆိုးရင် သည်းမခံတတ်တဲ့၊ ကျွန်တော်ကမုန့်ကျွေးရပြီး သူတို့ရှိရင် ဖွက်ထားတတ်တဲ့၊ ငါ့တို့တယ်ရင်းက မချောပေမယ့် ချစ်စရာကောင်းပါတယ်လို မကြာခဏချီးမွမ်းတတ်တဲ့ ၊ ကျွန်တော်မချက်တတ်ချက်တတ်နဲ့ချက်ကျွေးတာကို သွားဖြဲနားဖြဲစားပြီး သူတို့အိမ်ရောက်ရင် နင်ဘယ်သူလဲဟင်ဆိုပြီး မှတ်ညဏ်မကောင်းချင်ယောင်ဆောင်တတ်တဲ့၊ နှစ်သစ်မှာ ကျွန်တော့ဆီကို ဖုန်းလေးတချက်ဆက်ဖော်မရတဲ့၊ နှစ်သစ်ညမှာ ကျွန်တော့ကို အန်ဖတ်ကျူံးခိုင်းပြီး ငါမမူးပါဘူးကွာလို့ပြောတဲ၊ ငါတညလုံးမအိပ်ပါဘူးဆိုပြီး ၁နာရီလောက်မှာ အသက်ထွက် အဲ မျက်လုံးမှတ်သွားကြတဲ့၊ အမေကို ပြောခဲ့လို့ပါဆိုပြီး မနက် ၂နာရီခွဲမှာ မှော်ဘီကားတွယ်စီးပြီးလစ်သွားတဲ့၊ အစီအစဉ်မရှိပါဘူးလို့ပြောပြီး ကန်တော်ကြီးမှာ တိတ်တိတ်ပုန်းသွားကဲကြတဲ့၊ ငါအိမ်ပြောင်းမှာမို့လို့ နင်တို့ဆီမလာနိုင်ဘူးလို့ပြောတဲ့၊ သူငယ်ချင်းတွေစုပြီးသွားကြမယ့် ပထမဆုံးသော နယူးယီးယားကျိုက်ထီးရိုး ခရီးစဉ်ကို ကျွန်တော်ကဖျက်လို့ သူမသွားတော့ပါဘူးလို့ဆိုပြီး ၃၀ရက်နေ့ညမှာ အိမ်နဲ့ပျော်ပျော်ကြီးလစ်သွားတဲ့၊ သန်လျင်မြစ်ကိုမဟုတ်ပဲ နှစ်သစ်ညကိုအတူတူကူးကြဖို့ သူနေတဲ့တိုက်ခန်းကို ၂ခါတိတိကြိုးသွားဆွဲခဲ့ပေမယ့် အမြီးတောင်ရှာမတွေ့ခဲ့တဲ့ ရပ်နီးရပ်ဝေးမှ သူငယ်ချင်းများအားလုံးကို နှစ်သစ်မှာ လိုချင်တာတွေပိုင်ဆိုင်ပြီး အိမ်မက်တွေတကယ်တွေ တကယ်ဖြစ်လာစေဖို့ ဆုတောင်းပေးချင်တာပါ။
ဒီအသက်အရွယ်အထိ ကိုယ်ပိုင်ခြူးတပြားမှ မရှာနိုင်သေးတဲ့ လူလိမ်မာအထာလေးနဲ့ ပြန်မပြောနားမထောင်လုပ်တတ်တဲ့ ဆန်ကုန်မြေလေး ကျွန်တော်ဆိုးသမျှ အသုံးမကျသမျှ လေနေသမျှကို သည်းခံခွင့်လွတ်ပေးတဲ့ ကျွန်တော့်လိုအပ်ချက်မှန်သမျှကို မညီးမညူပေမယ့် ပြောပြောဆိုဆို ဖြည့်ဆည်းပေးတဲ့ အမေ၊အဖေ နဲ့အကိုအမတွေ၊ ခုထက်ထိ ဆိတ်လဲမမွေး ၀က်လဲမမွေး နွားလည်းမမွေးတဲ့အပြင် လူကြီးစိတ်ပါမမွေးနိုင်သေးတဲ့ သူတို့အမကို နားလည်ပေးရှာတဲ့ ကျွန်တော်ဘိုင်ပြတ်နေရင် လိုအပ်နေရင် မရရအောင်ကြံဖန်ပေးတတ်တဲ့ အကိုတယောက်လို မောင်လေးတွေကိုလည်း တသက်လုံးဆပ်မကုန်တဲ့အကြွေးတွေနဲ့ ချစ်ရသလို နှစ်သစ်မှာသူတို့တွေ ပျော်ရွင်နိုင်ဖို့ မျော်လင့်မိတယ်။
ရောဂါအရှိန်နဲ့ ပိန်ပြီး စိတ်ကောင်းကိုယ်ကြေသလိုဖြစ်နေတဲ့ သူကိုကြည့်မိတိုင်း ကျွန်တော်အတွက် တခုတည်းသောဆုကိုတောင်းပါဆိုရင် အကြီးတွေကို လေးစားပြီး အငယ်တွေပေါ်မှာညာတာတတ်ပြီး မိဘကိုလည်း မည်သို့သောအခါမှ ငြူစူခြင်း၊တောင်းဆိုခြင်း ၊စိတ်ဆင်းရစေခြင်းမပြုစေပဲ သူ့ဆန္ဒဖြစ်ချင်တာမှန်သမျှကို မျိုသိပ်ထားတတ်တဲ့ မိသားစုကို အမြဲတမ်းရှေ့တန်းတင်တတ်တဲ့ အကိုတယောက်အလုံးစုံပြန်လည်ကောင်းမွန်ဖို့ကိုသာ အရင်ကလို ကျန်းကျန်းမာမာနဲ့ ယောက်ကျားပီပီသသခန့်ညားတဲ့ ပုံပြန်ရဖို့ကိုသာဆုတောင်းမှာပါ။ သူ့ကိုကြည့်မိတိုင်းလည်း ငါလုပ်ပေးနိုင်တာဘာမှမရှိဘူးလို့စဉ်းမိပြီး ကိုယ့်ကိုကိုယ်ပြန်ရွံ့ရှာမိတဲ့ ခံစားချက်တွေလည်း ကုန်ဆုံးချင်ပြီ။ အကိုတယောက် နှစ်သစ်မှာကျန်းမာပြီး ပျော်ရွင်ဖို့ တကယ်ပဲ မျော်လင့်မိတယ်။
မိဘရဲ့ကျေးဇူးတရားဟာ ဒဏ္ဍာရီထဲက မြင့်မိုရ်တောင်လောက်ကြီးမကြီး ကျွန်တော်မသိပေမယ့် သေချာတာကတော့ ကျွန်တော့်မိဘရဲ့ကျေးဇူးတွေကတော့ ကျွန်တော်ဆပ်လို့ မကုန်အောင်များတာကတော့ သေချာပါတယ်။ ပညာသင်ပေးတယ်။ မရိုင်းစိုင်းဖို့ဆုံးမတယ်။ သူတို့ကိုယ်တိုင် အတန်းပညာမသင်ခဲ့ရပေမယ့် စာဖတ်ဖို့အားပေးတယ်။ အိပ်ချိန်စားချိန်တွေ ဂရုမစိုက် နေပူမိုးရွှာမရှောင်ပဲ လူတန်းစေ့ဆိုတဲ့ အနေအထားရောက်အောင် ရုန်းကန်ပေးတယ်။ ကာကွယ်စောင့်ရှောက်ပေးတယ်။ နှစ်သစ်မှာ မိဘတွေ ကျန်းမာဖို့၊ စိတ်ချမ်းသာဖို့ မျော်လင့်ပြီး ကျွန်တော့်ကြောင့်စိတ်ဒုက္ခမရောက်စေချင်ဘူး။
ပြီးတော့ ကျွန်တော်ရဲ့ကို အသိပညာတွေပေးတဲ့၊ ဝေမျှတဲ့၊ ကျွန်တော်ကိုလမ်းပြပေးတဲ့၊ ကျွန်တော့ဘ၀ရဲ့အကြီကျယ်ဆုံးသောမှတ်တိုင်တခုကိုစိုက်ထူနိုင်အောင် တွန်းအားပေးကူညီခဲ့တဲ့ နာသုံးနာနဲ့ပြည့်စုံသော မပြည့်စုံသော ဆရာများအားလုံးလည်း ကောင်းမွန်တဲ့ နှစ်သစ်တခုကို ပိုင်ဆိုင်စေဖို့ဆုတောင်းချင်တယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော့်ဘ၀ထဲ ရင်ဘတ်ထဲကို မဖိတ်ခေါ်ပဲရောက်လာပြီး မနှင်ပဲ ခွင့်ပြုချက်မတောင်းပဲ ကျွန်တော်မသိလိုက်ပဲ ပြန်ထွက်သွားကြတဲ့ ရှိနေဆဲဖြစ်တဲ့ ကျွန်တော့်ကို လွမ်းဆွတ်တတ်၊ တမ်းတတတ်၊ နာကျင်တတ်အောင်၊ ကြေကွဲတတ်အောင်သင်ပေးခဲ့ပြီး ဒဏ်ရာတွေချန်သွားတဲ့ သူများကိုလည်း ပျော်ရွင်အဆင်ပြေစေချင်ပါတယ်။
ကဲ…ပျော်ရွင်စေချင်တဲ့လူတွေလည်း ကုန်သလာက်ရှိပါပြီ။ တကယ်တော့ ကမ္ဘာကြီးတခုလုံးပျော်ရွင်နေစေချင်ပါတယ်။ ပူပင်သောကတွေ ပြဿနာတွေမရှိပဲနဲ့ပေါ့။
အဲဒီလိုဆိုရင်လည်း သိပ်ကိုပျင်းစရာကောင်းနေမလား………
ကဲ…ကျွန်တော်က ဒီလိုလူစားမျိုးပါပဲ။ သဘောကောင်းချင်ယောင်ဆောင်နေပြီး ဒုက္ခပေးတတ်သူပါ။
ကျွန်တော်ကတော့ နှစ်သစ်မှာ ဒဏ်ရာတွေထပ်မကြုံရပဲ ကျွန်တော်ယုံကြည်တဲ့လမ်းတခုကို ပီပီပြင်ပြင်လျှောက်လှမ်းနိုင်ဖို့ ဆုတောင်းမိတယ်။
အားလုံးပဲ နှစ်သစ်မှာ တကယ်ကို ပျော်ရွင်ချမ်းမြေ့ပါစေ……………….
ကန်ဘောင်မှာ လမ်းလျှောက်၊ သီချင်းအော်ဆိုရင်း အတူတူချက်ပြုတ်စားသောက် ရယ်စရာမောစရာတွေပြောရင်း ဖရက်ရှ်ပျက်နေတဲ့ ကျွန်တော့်ကင်မရာနဲ့ ဓာတ်ပုံတွေရိုက်ရင်း နှစ်သစ်ညကို အတူတူကုန်ဆုံးပေးခဲ့တဲ့ သူငယ်ချင်းများဖြစ်သော ယောင်းမ၊နောနော်၊ဂျာအောင်၊အောင်န်၊ရန်ကုန်နစ်နဲ့ သူ့နဲ့မတတည့်တဲ့ ချစ်ညီမကို ၃၀၀တန် နယူးယီးယားလက်ဆောင်ပေးတဲ့ အစ်မတို့အား အထူးပင်ကျေးဇူးတင်ရှိပါသည်။
December 17, 2009 - Posted by Htwe Nge - 2 Comments
ဒီရက်တွေမှာ
လောကကြီးက ပိုပြီးမည်းမှောင်
ကမ္ဘာကြီးက ပိုပြီးရှုပ်ထွေးလာသလိုပဲ
အဖြေကိုရှာဖို့ကြိုးစားတယ်
ရလာတဲ့ ရလာဒ်က အချည်းနှီးတဲ့
ဘယ်လိုလုပ်မလဲ
ကူပါ ကယ်ပါ တစာစာနဲ့အော်တယ်
အလကားပါ
နံရံတွေမှာ နားရှိတယ်ဆိုတာ လိမ်ပြောတာပဲနေမှာ
ဘုရားဟောခဲ့တယ်
မိမိကိုယ်သာ ကိုးကွယ်ရာတဲ့
ဘုရားမဲ့နေတဲ့ငါ ဘယ်သူ့ကို ကိုးကွယ်နေသလဲ
သေချာတာက ငါဟာ ငါကိုးကွယ်ရလောက်အောင် မထိုက်တန်သေးဘူးဆိုတာပဲ
အေးစက်နေတဲ့ ငါ့လက်ချောင်းတွေကို ငါပြန်ကြည့်မိတယ်
အရင်ကပိုင်ဆိုင်ခဲ့တဲ့ တက်ကြွမှု မျော်လင့်ချက် ယုံကြည်မှုတွေ ပြန်တွေ့မလားရယ်လို့
ငါရှေ့မှာ ဖြတ်စီးသွားတာက
ခမ်းခြောက်နေတဲ့ မြစ်တစ်စင်းသာ
သူ့ထက်ပိုနီးတဲ့ နေရာတခုကိုကြည့်လိုက်တော့ စကားလုံးတွေသိမ်းဆည်းရင်း အသံမဲ့ငိုကြွေးနေတဲ့ ရင်ဘတ်တခု………………..
ရေးသားချိန်…………….
December 4, 2009 - Posted by Htwe Nge - 2 Comments
ဒီကဏ္ဍလေးကို ရောက်လာပြန်ပြီ။ ပြီးတော့ တောင်းပန်စကားလဲ ဆိုပါရစေ။ ပြောထားသလိုမလုပ်နိုင်ပဲ လွန်ခဲ့တဲ့ ၂ ပတ်က ပျက်ကွက်ခဲ့လို့ပါ။
အမှန်အတိုင်းပြောရရင် တန်ဆောင်တိုင်ကာလမှာ နေ့မအားညမနားနဲ့ အလုပ်များခဲ့ရတဲ့ ကင်မရာလေးလဲ ရန်ကုန်ရောက်တာနဲ့ အိတ်ထဲကနေတောင် အပြင်မရောက်သလောက်ပါပဲ။
ဟိုဟိုဒီဒီတွေ မသွားဖြစ်တာလဲပါတယ်။ အဲဒီတော့ ထုံးစံအတိုင်း ဘာဓာတ်ပုံမှလဲ ထူးထူးခြားခြားရမလာဘူးပေါ့။
ဒါပေမယ့် စနေနေ့ ( ဒီဇင်ဘာ ၅)နေ့မှာ ပဲခူးကိုသွားရမယ်။ ၅ရက်လောက်ကြာပြီး ၁၀ရက်နေ့လောက်ပြန်ရောက်မယ်။ အဲဒီတော့ မသွားခင် ဒီကဏ္ဍလေးကို သတ်မှတ်ရက် (တနင်္ဂနွေ)ထက်စောပြီးတင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပျက်ကွက်တာတွေများနေတာရယ် စိတ်ထဲမှာစွဲနေတဲ့ ဒီပုံလေးအကြောင်းကို ပြောချင်တာရယ်ကြောင့်ပါ။ လောလောလတ်လတ်ရိုက်ထားတဲ့ပုံမဟုတ်ပဲ ပုံဟောင်းဖြစ်နေတဲ့အတွက် တောင်းပန်စကားဆိုပါရစေ။
PHOTO OF THE WEEK

ကလေးတယောက်ရဲ့ အနာဂတ်
ဓာတ်ပုံနဲ့ပတ်သက်သော အကြောင်းအရာတချို့
နေ့ရက်၊အချိန်
၂၀၀၉ သြဂုတ်လ ၉ ရက် တနင်္ဂနွေနေ့၊ ညနေ ၃ နာရီ ၂၅ မိနစ်
နေရာ
စမ်းချောင်း ဗားကရာလမ်းမ၊ 99 Export ဆိုင်ရှေ့
ဝေမျှရခြင်းအကြောင်းရင်း
သိပ်ပြီးရိုးရှင်းတဲ့ ဒီပုံလေးဟာ ဒီပိုစ့်လေးကိုဖတ်မိတဲ့ ဒါမှမဟုတ် ဒီပုံလေးကို အမှတ်တမဲ့မြင်မိတဲ့သူ အားလုံးမဟုတ်ရင်တောင် တချို့တ၀က်ကိုတော့ တမျိုးတမည်သော ခံစားချက်တွေ ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိလို့ပါ။ မြန်မာပြည်က အနာဂတ်ပျောက်ဆုံးနေတဲ့ မြောက်များလှစွာသော လူမမည် ကလေးများနဲ့ ပတ်သက်တဲ့ ခံစားချက်ပါ။
ကျွန်တော်ကိုယ်တိုင်လူတွေရဲ့ စူးစမ်းလိုတဲ့မျက်လုံး ဘာလဲဟဆိုတဲ့အကြည့်တွေကိုခံယူရင်း ရိုက်ယူခဲ့တဲ့ ဒီပုံလေးဟာ ကျွန်တော့်ကို(ပြန်ကြည့်လိုက်မိတိုင်း) မေးခွန်းတွေမေးနေပါတယ်။ ရှင်းအောင်ပြောရရင်တော့ အဖြေမရှိတဲ့ မေးခွန်းတွေပေါ့။
ဒီကဏ္ဍလေးကို မတော်တဆဖြစ်စေ တမင်တကာဖြစ်စေ အလည်ရောက်လာကြတဲ့ သူငယ်ချင်းတွေလည်း တမျိုးတမည်သော ခံစားချက်၊ တစုံတရာမည်သော စာနာမှု၊ အသံမဲ့တဲ့မေးခွန်းတွေရဲ့ အဖြေကို အတိုင်းအတာတခုအထိ ရှာဖွေလိုတဲ့ ဆန္ဒတွေပေါ်ပေါက်ခဲ့ရင် ဒီပုံလေးနဲ့ဒီပိုစ့်လေးရဲ့ ရည်ရွှယ်ချက်အောင်မြင်ပါပြီ။
ကျေးဇူးစကား
ဒီကဏ္ဍမှာ ပုံ၂ပုံကြားဗျာများနေတဲ့ ကျွန်တော့်ကို ဒီပုံလေးရွှေးချယ်ဖြစ်အောင် ကူညီအကြံညဏ်ပေးခဲ့ကြသော သူငယ်ချင်းများအား ကျေးဇူးအထူးပင်တင်ပါသည်။
တောင်းပန်စကား
ဒီပုံလေးကို ခွင့်ပြုချက်မရပဲ ရိုက်ယူခဲ့ပြီး ကာယကံရှင်၏ သဘောတူညီမှု သိရှိအသိအမှတ်ပြုမှုမပါပဲ ရွှေးချယ်တင်ပြခဲ့ရသည့်အတွက် တစုံတခုသော စည်းမျဉ်းကိုချိုးဖောက်မိခဲ့ပါက ဤနေရာမှပင် သက်ဆိုင်သူများအား တောင်းပန်စကားဆိုအပ်ပါသည်။
လေးစားစွာဖြင့်
ထွေးငယ်
December 1, 2009 - Posted by Htwe Nge - 4 Comments
ကဗျာတပုဒ်ကို မွေးဖွားစေတယ်
သီချင်းတပုဒ်ကို ဖန်တီးစေတယ်
မျှော်လင့်ခြင်းဆိုတဲ့ အငွ့အသက်တခုပါတယ်
အတိတ်ကို တမ်းတစေတယ်
မှိုင်တွေစေတယ် ငေးမောစေတယ် ကိုယ့်ကိုကိုယ်ပျောက်ဆုံးစေတယ်
ဒါပေမယ့်…..
လှပတဲ့ကဗျာတပုဒ်မဟုတ်ဘူး
ပျော်စရာကောင်းတဲ့ သီချင်းတပုဒ်လဲမဟုတ်ဘူး
ဆုပ်ကိုင်ထားတဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ဆည်းမပေးနိုင်ဘူး
ရှေ့ဆက်ဖို့အတွက် စွမ်းအင်မပေးဘူး
ပျောက်ဆုံးရင်းနဲ့ပဲ ပျောက်ဆုံးနေတယ်…………
ဒါပေမယ့် ငါပြောချင်တယ်
လွမ်းဆွတ်ခြင်းဆိုတဲ့ဒီဂရီကို မရောက်တဲ့ သတိရခြင်းတွေနဲ့
ငါနင့်ကို(နင်ပြန်သွားကတည်းက) တကယ်သတိရနေတယ်ဆိုတာ ယုံပါ
ငယ်ငယ်
November 28, 2009 - Posted by Htwe Nge - 6 Comments
မောင်နှစ်မကိုးယောက်ထဲမှာ ထက်အောက်မွေးလာခဲ့ပြီး ၁နှစ်ကျော် ၂နှစ်လောက်သာကွာခြားတဲ့ ကျနော်နှင့်အမဟာ အထက်အောက်မောင်နှစ်မတွေရဲ့ ထုံးစံအတိုင်း
တကျက်ကျက်ပေါ့။ ပိုပြီးဆိုးတာက သူနဲ့ကျနော်မှာ ရှိနေတဲ့ များပြားလှတဲ့ ကွာခြားချက်တွေကြောင့် ငယ်ငယ်တုန်းက အမေက “နင်တို့ညီမနှစ်ယောက် တနေကုန်ဘာတွေများပြောနေတာလဲ” လို့ မေးယူရလောက်အောင် နီးစပ်ခဲ့ပြီး
ရန်ဖြစ်လိုက် ပြန်ခေါ်လိုက်နဲ့ တယောက်ကို တယောက် တခြားမောင်နှစ်မတွေထက် ပိုပြီးတွယ်တာခဲ့ပေမယ့် အရွှယ်ရောက်လာတာနဲ့အမျှ သူနဲ့ ကျနော်ကြားမှာရှိတဲ့ မတူညီမှု ကွဲပြားမှုတွေက ပိုမိုကြီးမားသိသာလာပြီး ရလဒ်ကတော့ ညီမနှစ်ယောက်ကြားက ကြီးထွားလာတဲ့ အေးစက်မှုပေါ့။
သူနဲ့ကျနော်ရဲ့ မတူညီမှုတွေကို ပြောရင် ၀တ္တုရှည်တပုဒ်စာတော့ အနည်းဆုံးရှိမယ်ထင်တယ်။
မတူတဲ့အချက်တွေကို ပြောရရင် ရုပ်ရည်ကနေစတာပါပဲ။ အမေကပဲ မျက်နှာလိုက်တယ်ပြောရမလား။ အစ်မကိုလူတွေရှုံ့ ချကြတာကတော့ “နင့်အမက ကိုးရီးယားမင်းသမီးလေးလိုပဲ”တဲ့။ ကျနော်ကို ချီးမွမ်းထောပနာပြုကြတာကတော့
ဒီလိုပါ “နင်တို့မောင်နှစ်မကိုးယောက်ထဲမှာ နင်ရုပ်ဆိုးဆုံးပဲ” ။ ကဲ ကောင်းကြသေးရဲ့လား အရပ်ကတို့ ရယ်ပေါ့ဗျာ။
သူကမိုးလင်းရင်သီချင်းသံလေးနဲ့အိပ်ရထရတာနှစ်သက်ပြီး ကျနော်ကတော့ အသံတွေကင်းမဲ့ တိတ်ဆိတ်နေတဲ့ မနက်ခင်းတခုမှ နိုးထရင်း ဟိုဒီအတွေးတွေနဲ့ နေ့တနေ့ကို စတင်ချင်သူပေါ့။
သူကရှော့ပင်းမောတွေ သွားရောက်ငေးမောရတာ(၀ယ်တာဝယ်တာအပထား) သဘောကျပြီး ကျနော်အတွက်တော့ အဲဒီအရာဟာ ခေါင်းကိုက်စေတဲ့၊ မောပန်းစေတဲ့ ဘာအကျိုးမှမရှိစေတဲ့အရာပေါ့။
(ဆိုင်ထဲမှာလျှောက်ကြည့် အ၀တ်အစားတွေဝတ်ကြည့်ပြီး မ၀ယ်ပဲပြန်ထွက်လာတာကိုလဲ ကျနော်ကသိပ်ရှက်တတ်သူပါ။)
အမက ပိုက်ဆံလေးရှိရင် အ၀တ်အစား၊ တကိုယ်ရေသုံးပစ္စည်းတွေ၊ စီဒီခွေနဲ့စာအုပ်တွေ ၀ယ်လေ့ရှိတယ်။ ကျနော်ဆိုသူကတော့ လက်ထဲမှာ ငွေယားလေးရှိလာရင် ဘော်ဒါတွေချိန်းပြီး ဆိုင်ထိုင်တာကလွဲရင် တခြားအတွက်သုံးရမှာ ရေလည်နှမြောတတ်သူပေါ့။
အပြင်အထွက်နည်းတဲ့အမက သင်တန်းချိန်ကလွဲရင် လျှော်၊ဖွပ်၊ချက်ပြုတ်ဆိုတဲ့ ကျနော်အမုန်းဆုံး မလုပ်ချင်ဆုံး ကိစ္စတွေနဲ့ အချိန်ကုန်လေ့ရှိပြီး ပေါက်ကရတွေလုပ်ရင်း ကွန်ပြူတာရှေ့မှာ အဲဗားအချိန်ဖြုန်းနေတဲ့ သူ့ညီမကို သိပ်ကြည့်မရသူပေါ့။
သူနဲ့မတူတာကတော့ မီးဖိုချောင်ဝင်ရမှာ သေအောင်မုန်းတဲ့ထွေးငယ်ဟာ ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကို ချက်ပြုတ်ကျွေးရဖို့ဆိုရင်တော့ ပျော်ပျော်ကြီးမီးဖိုချောင်ထဲ ရောက်တတ်သူပေါ့။
(ချက်ထားပြီးလို့မစားရင်လည်း စိတ်ဆိုးတတ်သလို မကောင်းဘူး နင်ချက်ထားတာတူးနေတယ်လို့ ဝေဖန်တဲ့သူငယ်ချင်းတွေကို ၃ရက်လောက်စကားမပြောတဲ့ အကျင့်လေးရှိတာကလွဲလို့ ပေါ့လေ)
သူကသူ့နေထိုင်တဲ့နေရာကို ၅မိနစ်တခါလောက် တံမြက်စည်းလှည်းရမှ နေတတ်သူဖြစ်ပြီး ကျနော်ကတော့ သူတံမြက်စည်းလှည်းနေတုန်း ဖင်လေးတချက်ရွှေ့ပေးရမှာတောင် ပျင်းစရာကောင်းလိုက်တာလို့ တွေးနေတတ်သူပေါ့။
သူကအပေါင်းအသင်းထားခြင်းဆိုတာ သိပ်အကျိုးမရှိတဲ့အရာလို့မှတ်ယူထားပြီး ကျနော်ရဲ့တနေ့တာမှာတော့ သူငယ်ချင်းတွေမရှိရင် တခွက်တဖလားမမော့ရတဲ့ အရက်သမားလိုဖြစ်နေတတ်ပါတယ်။ (ဘာသာသာလာကာလဲမစိ အဲ မရှိတဲ့ဘ၀ဆိုတော့)။
အင်တာနက်ကို တနေ့၂နာရီလောက်မှ မသုံးရရင် တကိုယ်လုံးကို ခွေးလယားသီး အဖြူးခံထားရသလိုလို ဟိုနေရာဒီနေရာကိုပဲ(ခြေသလုံးဘာညာပြောပါတယ်) ဂျပိုးအတုတ်ခံထားရသလို ရွစိထိုးနေတဲ့ကျနော်ကို တလနေလို့မှအင်တာနက်ကဖေး
တခေါက်မရောက်တဲ့ သူကပြောဆိုတော့လဲခံရတာပဲပေါ့။
သူကသီချင်းတွေ ရုပ်ရှင်တွေကို မမုန်းတမ်းနားထောင် ကြည့်တတ်သူဖြစ်ပြီး ကျနော်ကြည့်လိုက်တိုင်းမှာ Animal Planet မဟုတ်ရင် CNN ပဲဖြစ်တတ်ပါတယ်။ (နားမလည်တာကတော့ တပိုင်းပေါ့ဗျာ)။ MRTV3 အစီအစဉ်နှင့် မြန်မာ့အသံကလွင့်တဲ့
နိုင်ငံတကာသတင်းကိုလဲ နှစ်နှစ်ခြိုက်ခြိုက် စောင့်ကြည့်တတ်ပါတယ်။
အမေနဲ့ နေရာတော်တော်များများတင်မဟုတ်ပဲ ပွစိပွစိလုပ်တတ်တာခြင်းလဲတူလို့ သူက ကျနော်အပြန်နောက်ကျလို့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာ ည၁၀နာရီလောက်ထိလေပစ်နေလို့ အင်တာနက်ကိုအကြာကြီးသုံးလို့
ကိုယ့်အ၀တ်ကိုယ်မလျှော်လို့ သူသင်တန်းသွားနေတုန်း မီးပူမတိုက်ထားလို့….စတဲ့…. စွပ်စွဲချက်တွေနဲ့ ဂင်းနစ်စာအုပ်မှာ မှတ်တမ်းတင်ခံရလောက်အောင်ရှည်တဲ့ ဂါထာတပုဒ်ကိုသူရွှတ်ပြီဆိုရင် နားအေးပါးအေးနေရတာကြိုက်တဲ့ နားပူတာကို သရဲခြောက်ခံမှာထက် ပိုကြောက်တဲ့ ကျနော်အတွက်ကတော့ ငရဲတခေါက် အလည်ရောက်သလိုပေါ့။
(အဲဒီအချိန်မှာ လုပ်လေ့ရှိတာကတော့ ရှိတဲ့ပိုက်ဆံလေးဘောင်းဘီအိတ်ထဲထိုးထည့်ပြီး စုတ်စုတ်ပြတ်ပြတ် အ၀တ်အစားနဲ့ ရောက်သွားတတ်တာကတော့ အအေးဆိုင်တခု မဟုတ်ရင် ကမ္ဘာပတ်လို့ရတဲ့ ဖန်သားပြင်တခုရှိရာဆီပေါ့။)
သူကကားအကောင်းစားလေးတွေ ကားလှလှလေးတွေမြင်ရင် ငေးမောအားကျတတ်ပေမယ့် ကျနော့်အမြင်မှာတော့ ဒီပတ်ဝန်းကျင်ကို ထိုက်ခိုက်စေတဲ့ ကာဗွန်တွေထုတ်လွတ်ပြီးမှ ခရီးရောက်စေတဲ့ ယာဉ်တစ်စီးဟာ ကမ္ဘာကြီးကို ဘာဒုက္ခမှမပေးတဲ့ သေးငယ်ပြီးသယ်ရလွယ်ကူတဲ့ သူ့အပေါ်ရောက်တဲံလူတိုင်းကို စတိုင်ကျစေတဲ့ စကိတ်တစ်ခုလောက် စိတ်ဝင်စားဖို့ မကောင်းဘူးလို့ထင်တတ်ပါတယ်။ ပြိုင်ကားမောင်းသူတယေက်ဟာ စကိတ်တာတယောက်လောက် ဆွဲဆောင်မှုမရှိဘူးပေါ့ဗျာ။
ချစ်စရာကောင်းတဲ့ ကောင်လေးတွေဟာ ကျနော်စိတ်ဝင်စားဆုံးအရာထဲမှာ ပါဝင်ပြီး ကောင်လေးချောချောလေးတွေမြင်ရင် မျက်စိတဆုံးလိုက်ငမ်း အဲ ငေးတတ်ပေမယ့် သူကတော့ ယောက်ကျားလေးဆိုတာ ကမ္ဘာပေါ်မှာရှိမရှိသင့်တဲ့ သတ္တ၀ါတခုလို့ခံယူထားပုံရပါတယ်။ (အဲဒါကြောင့်လဲ ကိုးရီးယားဆန်ဆန်ရုပ်ရည်၊ ကြည့်ကောင်းတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ အနေတော်အရပ်အမောင်း၊ ဖက်ရှင်ကျကျဝတ်ဆင်တတ်မှုဆိုတဲ့ အချက်တွေရှိနေပေမယ့်
သူ့ညီမလို ခုထက်ထိမစွံဖြစ်နေရှာပါတယ်)
စကားကို ရုပ်ရည်နဲ့မလိုက်အောင် ဘုဘောက်ပြောတတ်တဲ့ အမဟာ သူ့မောင်နှစ်တွေအိပ်ရေးမ၀မှာ အစားမမှန်မှာ စိုးရိမ်နေတတ်သူဖြစ်ပေမယ့် အမတွေရဲ့ယုံကြည်မှုအရနည်းပြီး နှုတ်လေးနဲ့မောင်နှစ်မတွေကို ဂရုစိုက်တတ်သူ ကျနော့်ကိုတော့ အမကြီးက သူ့တိုင်ပင်ဖင်တိုင်ပင်ဖက်ရာထူးကိုပေးထားပြီး ယုံကြည့်မှုအပြည့်အပ်နှင်းထားပါတယ်။
(ဒါဟာသူ့ရဲ့စိတ်ထင်ရင်ထင်သလို ပြောဆိုင်လုပ်ကိုင်တတ်တာကြောင့်လို့ ထင်ပါတယ်)
အဲဒီလို မတူညီမှုတွေ သိန်းသောင်းချီနေပြီး တယောက်နဲ့တယောက် သိပ်ကြည့်မရတဲ့ ဘတ်စ်ကားစီးရင်တောင် တယောက်တနေရာစီးတတ်တဲ့ အမကို တညမှာ ငါ့အမ တယ်ချစ်ဖို့ကောင်းပါလား လို့အတွေးဝင်ခဲ့မိတယ်ဗျ။
တခြားကြောင့်တော့ မဟုတ်ပါဘူး။
အင်တာနက်ဆိုင်ကို မသွားသင့်တဲ့နေရာတခုလို့ယူဆထားပြီး ဘလော့ဆိုတဲ့စကားလုံးကို ကြားဖူးရုံကလွဲလို့ စိတ်ဝင်တစားမရှိလှတဲ့ အမဟာ သူ့ညီမအင်တာနက်ဆိုင်မှာ ကြာနေလို့လိုက်ခေါ်ရင်း ကျနော်ရဲ့အချိန်အပေးရဆုံး အားအထုတ်ရဆုံး
ပိုစ့်အဖြစ်မှတ်တမ်းဝင်သွားတဲ့ မပြီးနိုင်မစီးနိုင် တန်ဆောင်တိုင်မှတ်တမ်းပိုစ့်လေးကို Preview ကြည့်နေတာကို ဘေးမှာထိုင်စောင့်နေရင်း မြင်သွားတော့ ဘာပြောတယ်ထင်လဲဗျ။
ငယ်…နင်လုပ်ထားတာလား။ ဟုတ်နေတာပဲ။ နင်အဲလိုတွေလဲလုပ်တတ်နေလား တဲ့။
အဲဒီအချိန်မှာ ကျနော့်တကိုယ်လုံးကို စီးဆင်းသွားတာက ကြည်နူးမှုတွေပေါ့။
သူ့ရဲ့ဒီစကားတခွန်းကို ဘလော့မရေးစေကာမူ ဘလော့ဆိုကို သေသေချာချာသဘောပေါက်နားလည်တဲ့ သူငယ်ချင်းတွေနဲ့ ဘလော့ဂင်းနေတဲ့ သူငယ်ချင်းဘလော့ဂါတွေရဲ့ အားပေးစကားတွေထက်ပိုပြီး တာသွားခဲ့ပါတယ်။
ကျနော်ထင်မှတ်ထားတာက နင်ဘာတွေလျှောက်လုပ်နေတာလဲ။ အင်တာနက်ဆိုင်သွားပြီး ဒါတွေနဲ့အချိန်ကုန်နေတာလား ဆိုတဲ့ပုံစံမျိုးပါ။ မထင်မှတ်ထားပဲ ကျနော့်အမဟာ သူအမြင်ကတ်တဲ့ သူ့ညီမရဲ့ ကမျောက်ကချောက်စာတွေနဲ့
ကဖျစ်ကညစ်ပုံတွေစုစည်းထားတဲ့ ဘလော့လေးကို အားပေးစကားဆိုခဲ့ပါတယ်။
အဲဒီလို ရိုးရှင်းလှတဲ့ နည်းပါးလွန်းလှတဲ့ သူရဲ့စကားလုံးတွေနဲ့ပဲ ကျနော်အပေါ်မှာ သူပြောဆိုထားသမျှတွေဟာ သင်ပုန်းအချေခံလိုက်ရတယ်ဆိုပါတော့ဗျာ။
ကဲ………မောင်နှစ်မတွေဆိုတာ ဒီလိုပါပဲလေ။ ရန်ဖြစ်လိုက် ပြန်တည့်လိုက် မခေါ်လိုက် မပြောလိုက် ပြန်အဆင်ပြေလိုက်နဲ့ပဲ လုံးချာလည်လိုက်နေတာပဲ………….
မှတ်ချက်။ ။တနေ့နေ့ သူကကျနော့်ကိုအနိုင်ကျင့်လိုက် ကျနော်ကသူ့ကိုဗိုလ်ကျလိုက်နဲ့ နှစ်ပါးသွားနေရတဲ့ ကျနော့်အမအတွက် အမှတ်တရ….
November 27, 2009 - Posted by Htwe Nge - 7 Comments
အချစ်ဆိုတဲ့အရာကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြတယ်။
တချို့က စမ်းရေလို အေးမြတယ်။ တချို့က မီးလိုပူလောင်စေတယ်တဲ့။ တချို့က ကြီးမားတဲ့ စွမ်းအင်တွေကို ပေးစွမ်းတဲ့အရာ။ တချို့အတွက်ကျတော့ ဘ၀တခုလုံးကို ရစရာမရှိအောင် ပျက်သုဉ်းစေတတ်တဲ့ မကောင်းဆိုးဝါးလို လက်နက်တခုတဲ့။တချို့ကျတော့ နူးညံ့တဲ့ပန်းလေးတပွင့်။တချို့တွေအတွက်တော့ သွေးစိမ်းရှင်ရှင်ထွက်နေတာတောင် လက်မလွတ်ပဲ ဆုပ်ကိုင်ထားမိတဲ့ ဆူးတခက်။
ကဗျာဆရာတွေ စာရေးတဲ့သူတွေအတွက်ကျတော့ သိပ်ကိုအဖိုးတန်တဲ့ ရင်းမြစ်တခုဖြစ်ချင်ဖြစ်နေမှာပေါ့လေ။
အချစ်ဆိုတဲ့အရာကို ဖွဲ့ နွဲ့လာလိုက်ကြတာ ကမ္ဘာဦးအစ အာဒံနှင့် ဧ၀၊ ရောမရဲ့ ရိုမီယိုနှင့် ဂျူးလိယက်ကနေ တိုင်တန်းနစ်သင်္ဘောကြီးရဲ့ အဖြစ်ဆိုးနဲ့အတူ ကြေကွဲစရာကောင်းတဲ့ဂျက်နဲ့ ရိုစ့်တို့အထိ ခေတ်ကာလ၊ နောက်ခံသမိုင်းကြောင်း၊ ရာဇ၀င်တွေ ကွဲပြားပေမယ့် တူညီတာတခုကတော့ အချစ်ဆိုတဲ့အရာကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်ကြေကွဲမှုတွေ၊ ပေးဆပ်မှုတွေနဲ့ ကျဆင်းခဲ့ရတဲ့ သွေးနှင့်မျက်ရည်တွေပေါ့။
သာမန်လူတယောက်အတွက်တော့ အချစ်ဆိုတာကို အချစ်လို့ပဲ အရိုးသားဆုံး ဖွင့်ဆိုမယ်ထင်ပါတယ်။ သူ့အတွက် ပိုပြီးတောက်ပတဲ့ မနက်တွေကို ဖန်းဆင်း၊ ပိုမိုလှပတဲ့ ညနေတွေကို ယူဆောင်လာပြီး သူ့ရဲ့ ညတွေဟာ အဲဒီအချစ်ဆိုတဲ့အရာကြောင့်
ပိုပြီးအဓိပ္ပယ်ရှိလာစေတဲ့ အရာတခုရယ်လို့ပေါ့…………….
ကျနော့်လို မိန်းကလေးမဆန်တဲ့ မိန်ကလေးတယောက်အတွက် ချစ်တယ်ဆိုတဲ့ စကားလုံးဟာ သိပ်ကို တစိမ်းဆန်လွန်းပါတယ်။
ဒါပေမယ့်…………………..
တခါတရံ
သူငယ်ချင်းတယောက်လို ပွင့်ပွင့်လင်းလင်း
အကိုတယောက်လို နွေးနွေးထွေးထွေး
သူကြေကွဲနေတာကို ဖွင့်မပြောပဲသိနေခဲ့တယ်
ကိုယ်ဝမ်းနည်းနေတာကိုလည်း သူမမေးပဲနားလည်နေခဲ့တယ်
သူသာရှိရင် ငါအရာရာကို ရင်ဆိုင်ရဲတယ်။
ဘယ်လို အခက်အခဲကိုမဆို ကျော်ဖြတ်ရဲတယ်လို့ အတွေးဝင်ခဲ့မိတယ်။
နေ့တွေတိုင်းဟာ သူ့ကြောင့်ပဲ အဓိပ္ပါယ်ပြည့်ဝနေခဲ့တယ်။
သူ့ကြောင်းတွေးလိုက်တိုင်း နွေးထွေးမှုနှင့် နာကျင်မှုတွေရောပြီးထွက်လာတဲ့ ခံစားမှုတွေ….
သူ့ကိုမမြင်တာကြာပေမယ့် တမ်းတနေတုန်းပဲ…
သူ့အသံကိုမကြားတာ နှစ်လကြာနေပေမယ့် လွမ်းဆွတ်နေဆဲပဲ
ဘာတွေပဲဖြစ်နေနေ သူပျော်ရွှင်အဆင်ပြေနေဖို့ မျှော်လင့်မိတယ်….
တကယ်လို့ ဒါတွေဟာ လူတယောက်ကို ချစ်မိလို့ဖြစ်လာတဲ့ လက္ခဏာတွေဆိုရင် ကိုယ့်ဘ၀မှာ လူတယောက်ကို တကယ်ပဲ ချစ်ခဲ့မိပါတယ်။
မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော ဝေးတနေရာမှ ဇူလ၂၇ မွေးနေ့ရှင်သို့ ရည်ညွန်းသည်။
မှတ်ချက်။ ။ လက်ဖြင့်မဟုတ်ပဲ နှလုံးသားဖြင့်ရေးသားသော………..
November 23, 2009 - Posted by Htwe Nge - 2 Comments
တောင်ကြီး (တန်ဆောင်မုန်းလဆန်း ၁၃ ရက်)
ဒီနှစ်တန်ကြီးတန်ဆောင်တိုင်မှာ ပထမဆုံးသတိထားမိတဲ့အချက်က တခြားနယ်သားတွေနဲ့မတူ ကွဲပြားပြားတဲ့ စတိုင်နဲ့ ခပ်လန်းခပ်လန်း တောင်ကြီးသားတွေ မဟုတ်ပဲ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် သိသိသာသာလျှော့သွားတဲ့ တောင်ကြီးမြို့ရဲ့အပူချိန်ပါ။ အရင်နှစ်က အရင်နှစ်က တကိုယ်လုံးမြင်ရတာဆိုလို့ မျက်လုံးနှစ်လုံး၊ နှာခေါင်းတခုနှင့် ပါးစပ်တပေါက်ပဲလို့ဆိုရအောင် အလွာပေါင်းများစွာနဲ့လွမ်းခြုံခဲ့ရပြီး ဘေးမှာမီးဖိုထားတာတောင် မီးပုံးကြည့်နေရင်းနဲ့ အေးခဲသွားမလားမလားလို့ စိုးရိမ် အရှင်လတ်လတ် ရေခဲတိုက်ရောက်နေသလိုပါပဲလားလို့ ညီးတွားစေခဲ့တဲ့ တန်ကြီးတန်ဆောင်တိုင်ဟာ ဒီနှစ်မှာတော့ အထဲကတီရှပ်လက်ရှည် အပေါ်ကလောင်းကုတ်၊
ဂျင်းဘောင်းဘီ၊ စီးနေကျဖိနပ်နဲ့ပဲ တင်းတိမ်စေခဲ့ပါတယ်။ ဒါတောင်ပွဲခင်းထဲမှာ လျှောက်လည်နေရင်း ဖြစ်လာတဲ့ခံစားချက်တွေက အိုက်သလိုလို။

တောင်ကြီးမြို့နဲ့ ရောင်စုံတန်ဆောင်တိုင်

ကြာဖူးပုံစံ မီးလေးတွေ ပတ်ပတ်လည် ထွန်းညှိထားတာကတော့ မီးလွတ်ကွင်းပါ
နောက်ထပ်ဓာတ်ပုံတွေ လျှောက်ရိုက်ရင်း သတိထားမိတဲ့အချက်က ၀ယ်သူမဲ့တဲ့ ဈေးဆိုင်တွေနဲ့ စားသုံးမရှိသလောက်နည်းပါးလှတဲ့ စားသောက်ဆိုင်တွေပါ။ ပုံမှန်အားဖြင့် လူစည်ကားလေ့ရှိပြီး ၀င်လာတဲ့သူရဲ့ခြူးတပြားမှ မကျန်အောင်နုတ်ယူတတ်တဲ့ ကုံးကင်း (ဒေသအခေါ်)၀ိုင်းမှာတောင် လူသူလေးပါးကင်းနေခဲ့ပါတယ်။ ခပ်လန်လန်ဝတ်စားထားတဲ့ မမချောတွေဒိုင်ကိုင်တဲ့ အနည်းအကျဉ်းသောဝိုင်းများကတော့ ခြွင်းချက်ပေါ့လေ။ ဒါဟာ ပိုမိုချွေတာလာတဲ့ဆိုတာလား လူတွေဝင်ငွေပိုမိုနည်းပါးလာကြလို့လား၊ အလုပ်အကိုင်တွေရှားပါးပြီး စီးပွားရေးအခြေအနေမကောင်းကြလို့လား မဆိုနိုင်ပဲ သေချာတာတခုကတော့ မြန်မာပြည်ရဲ့
အနေအထားတခုကို ပြသနေတယ်ဆိုတာပါပဲ။ သေချာတဲ့အဖြေတခုကို ပေးနိုင်မယ့်လူရှိရင်တော့ သိချင်ပါတယ်။ နာဂစ်နောက်ပိုင်း ပိုမိုဆိုးရွှားလာတယ်လို့ဆိုကြတဲ့ မြန်မာပြည်ရဲ့ စီးပွးရေးလက္ခဏာတရပ်လားဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လဲမသိပါဘူး။

ထိုးသားကင်းမဲ့နေတဲ့ ကုန်းကင်းဝိုင်းတခု

စားသုံးသူနည်းပါလှတဲ့ စားသောက်ဆိုင်တခု
ကဲ…..တောင်ကြီးတန်ဆောင်တိုင်အကြောင်းကနေ ဘယ်တွေရောက်ကုန်မှန်း မသိတော့ဘူး။ အဲဒီလိုပဲဗျ။ ထွေးငယ်ဆိုတာ တလွဲလုပ်တတ်တဲ့ နက္ခတ်နဲ့မွေးဖွားလာတဲ့သူဆိုတော့နည်းနည်းတော့ သည်းခံကြပါလို့။

ဂရင်းရွိင်ရယ်ရဲ့ ကြော်ငြာနည်းတမျိုးပေါ့


ရောင်စုံ ဈေးတန်း

ပွဲတော် ၀င်ပေါက်

အိုဇုန်း
ပွဲခင်းထဲ နည်းနည်းပါးပါး လျှောက်လည်ပြီးတာနဲ့ မီးပုံကြည့်ဖို့အတွက် မြေကွက်လပ်နားသွားပြီး နေရာလွတ်လိုက်ရှာရတာပါပဲ။ နေရာရှာမရဖြစ်နေလို့ တက်သွားတဲ့အိုဇုန်းအဖွဲ့မီးပုံးကို မတ်တပ်ရပ်ကြည့်နေတုန်းမှာပဲ မီးကျဉ်တွေက သတ်မှတ်ထားတဲ့ နယ်နမိတ်ကိုကျော်လွန်ပြီး ပွဲကြည့်တဲ့သူတွေဆီအထိ လွင့်စဉ်လာပါတယ်။ပထမတော့ သူများနိုင်ငံတွေရဲ့ နှစ်သစ်ကူးပွဲတော်တွေမှာ မြင်နေကျမြင်ကွင်းတွေလို အရောင်မျိုးစုံနဲ့ ပွဲခင်းတခုလုံး ဖုံးအုပ်တော့မတတ် ကျဆင်းလာတဲ့ မီးပွားတွေကို ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြပေမယ့် ခေါင်းပေါ်ကနေ ပွတ်ကာသီကာ ဖြတ်သန်းသွားတဲ့ မီးပွားတွေနဲ့ ဒုံးကျဉ်တစင်းရဲ့ အရှိန်နဲ့ခိုဆင်းလာပြီး ခြေရင်းနားမှာ နားခိုသွားတဲ့ မီးကျဉ်စတွေကိုရယ်ကြောင့်ပဲ လူတွေရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်။တူတူလာကြတဲ့ တောင်ကြီးဒေသခံတွေကတော့ ပြေးလိုက်တာ တန်းလို့။

အိုဇုန်းရဲ့ တာအထွက်
ကျနော်ကတော့ ဓာတ်ပုံရိုက်ချင်စိတ်ကများနေတော့ ကြောက်ကြောက်နဲ့ပဲ သတ္တိကောင်းချင် ယောင်ဆောင်နေခဲ့ပါတယ်။
တဖွဲ့လုံးမှာ ကျန်ခဲ့တာက ကျနော်ရယ်၊ အမရယ် ထန်းကော ဆိုတဲ့ ၁၀နှစ်အရွှယ် ကောင်လေးတယောက်ရယ်သာ။
အိုဇုန်းရဲ့ ခြိမ်းခြောက်မှုနဲ့ လှပ်လှုပ်ရှားရှားဖြစ်မှုတွေ ပြန်လည်တည်ငြိမ်သွားပြီးနောက်မှာတော့ သုံးကောင် အဲ သုံးယောက်သား ထိုင်စရာနေရာတနေရာလိုက်ရှာရပါတော့တယ်။ အတ်ခွံ၃လုံးကို၅၀၀နဲ့ဝယ် လူသုံးယောက်ထိုင်လို့ရမယ့် မြေနေရာလေးတခုလိုက်ရှာလို့အပြီးမှာတော့ စတည်းချစရာနေရာလေးတခုတော့ အဆင်ပြေသွားပါပြီ။
အဲဒီနောက်မှာတော့ မှော်ဝင်အလှည့်ပါ။ မှော်ဝင်ကတော့ ပြဿနာတစုံတရာမရှိပဲ အေးအေးဆေးဆေးပဲပြီးသွားခဲ့ပါတယ်။ ဒီနှစ်မှာ ထူးခြားမှုတခုကတော့ အရင်နှစ်တွေလို စိန်နားပန်တလှည့် မီးကျဉ်တလှည့်မဟုတ်ပဲ စိန်နားပန်တွေအားလုံးလွတ်ပြီးမှ မီးကျဉ်တွေစလွတ်ပါတယ်။
မှော်ဝင်ပြီးလို့ အချိန်အနည်းငယ်ကြာပြီးတော့ အိုးစည်သံတမြိုင်မြိုင် အဖွဲ့ဝင်တွေရဲ့များပြားလှတဲ့ဆိုင်ကယ် မီးကျဉ်၊မီးစာနဲ့မီးပုံးအတွက်လိုအပ်တဲ့ ပစ္စည်းတွေတင်ထားတဲ့ ကားတွေနဲ့ဝင်ရောက်လာတာကတော့ တောင်ကြီးတန်ဆောင်တိုင်ရဲ့ နံမည်ကြီးစာရင်းဝင် မြစိမ်းအဖွဲ့ပါ။

တောင်ကြီးတန်ဆောင်တိုင်ရဲ့ ထိပ်တန်းစာရင်းဝင် မြစိမ်း
အားလုံးတိုင်ပင်ထားတဲ့အတိုင်း မြစိမ်းပြီးရင်ပြန်မယ်ဆိုတဲ့ အစီအစဉ်အရ ပြန်ခါနီးလာပေမယ့် စိတ်ကတော့ မပြန်ချင်သေး။အချိန်ကလဲ၁၂ကျော်စပြုနေပြီ။ တောင်ကြီးဒေသခံ တော်တော်များများကတော့ အဲဒီညအတွက်အဓိကစောင့်ကြည့်ရမယ့် အဖွဲ့။တဖွဲ့လုံးကွင်းထဲရောက်သွားပြီး မီးပုံအတွက်လိုအပ်တာတွေပြင်ဆင်နေချိန်မှာ အိပ်ချင်ပြီဆိုရင် နေရာဒေသမရှောင် အချိန်ကာလမကြည့် ဘေးလူတွေမျက်နှာမထောက်ပဲ မရရအောင်ကြံဖန်အိပ်တတ်တဲ့ ထွေးငယ်ကတော့အဲဒီအိတ်ခွံလေးရဲ့ ၂တောင်သာသာလောက်သာရှိတဲ့ နေရာလေးပေါ်မှာ ခွေခေါက်ပြီးအိပ်ပါတော့တယ်။ ကျနော့်အကျင့်ကို ကောင်းကောင်းကြီးသိနေတဲ့ အမကတော့ဘာမှမပြောပဲ သူ့ညီမလူလိုသူလို မအိပ်တာကို နားလည်ပေးရှာပါတယ်။ ကားလမ်းနဲ့နီးနေတဲ့ ဖုန်တွေကတော့ ဘာပြောကောင်းမလဲ။ တချို့လူတွေ ဖြတ်လျှောက်သွားတာ ခေါင်းကိုတက်နင်းဖို့ နည်းနည်းပဲလိုတယ်။ ဒါလဲဂရုမစိုက်ရေးမချ မစိုက်ပဲ။
တော်တော်လေးလဲကြာပြီးတော့ အမရဲ့အသံ ငယ်…ထတော့။ မြစိမ်းလွတ်တော့မယ်။ မှိန်းနေရာကနေ ထထိုင်ရင်းကြည့်လိုက်တော့ လှပတဲ့ပန်းချီတွေနဲ့ တက်ဖို့တာယူနေတဲ့ မြစိမ်း။ အကြီးအကျယ် ပြင်ဆင်ထားတဲ့ ပုံပဲ။ စောင့်ကြည့်နေပေမယ့် မတက်သေး။အဖွဲ့ဝင်တွေ စိတ်မချသေးလို့ မလွတ်သေးတဲ့ပုံစံ။ ခဏပြန်မှေးအုံးမှပဲ။ မြို့ခံတချို့နဲ့ဘုရားဖြူ (မြစိမ်းအဖွဲ့ဇာတိရွှာ)အုပ်စုတွေကတော့ စိုးရိမ်စိတ်တွေဝင်နေလောက်ပြီ။
အချိန်တော်တော်ကြာယူပြီးချိန်မှာတော့ ငယ်..ထတော့။ တကယ်တက်တော့မယ်ဆိုတဲ့ အသံနဲ့ကြည့်လိုက်တော့ မှိုင်းဝနေပြီဖြစ်တဲ့မြစိမ်းက ရှိသမျှသူ့အစွမ်းတွေကိုပြသဖို့ လွတ်ပေးပါတော့လို့ပြောနေသလို တလှုပ်လှုပ်။
ခုမှပန်းချီတွေက ပိုပြီးကြွလာသလို။ အချိန်ကြာတာနှင့်အမျှ မြစိမ်းဆိုတဲ့အသိနဲ့ အားလုံးကစိတ်ဝင်တစား။ မတ်တပ်ရပ်တဲ့လူက ရပ်ကုန်ကြပြီ။
လာပါပြီ။ အဲဒီအချိန်မှာပဲ အဖွဲ့သားတွေရဲ့ယုံကြည်စိတ်ချရမှုနဲ့ တက်လာတဲ့မြစိမ်းဟာ စောင့်နေရလို့ စိတ်မရှည်တဲ့ပုံစံနဲ့ ပေ၂၀လောက်အရောက်မှာပဲ သူ့အစွမ်းတွေကို စပြပါတော့တယ်။ ဖွားကနဲ….ဖွားကနဲ့….မီးကျဉ်တွေကို ၅မိနစ်လောက်ဆက်တိုက် ထုတ်လွတ်ပြီးချိန်မှာပဲ သူ့အမြင့်ဆုံးစွမ်းအင်ကိုစပြပါတော့တယ်။
အမြင့်ကလည်း အနေတော်အနေအထားကနေ ကွေ့ကွေ့ကောက်ကောက်တမျိုး၊ အတန်းလိုက်တသွယ်၊ ဘေးကိုဖြန့်ကျက်လာတာတဖုံနဲ့ ရောင်စုံကျဆင်းလာတဲ့ မီးပွားတွေဟာ တကွင်းလုံးကို ဖြာကျသွားပါတယ်။

မြစိမ်း
လှလိုက်တာဆိုတဲ့ အော်ဟစ်ချီးကျူးသံတွေနဲ့အတူ လက်ခုပ်သံတွေက တဖြောင်းဖြောင်း။
မီးပွားတွေက တော်တော်နဲ့အဆုံးမသတ်။ ကျနော်လည် ကြည့်ကောင်းကောင်းနဲ့ကြည့်လိုက် ဓာတ်ပုံရိုက်လိုက်နဲ့ တယောက်ထဲအလုပ်တွေရှုပ်လို့။ ဘေးလူတွေကတော့ မြစိမ်း အဲ ၀ါးလုံးစိမ်းနဲ့ ရိုက်ချင်စိတ်ပေါ်နေမလားမပြောတတ်။
တော်တော်လေးကိုလှပသလို မြစိမ်းတော့ဒီနှစ်အတွက် ဆုကြီးတခုခုတော့ ချိတ်နိုင်လိမ့်မယ်ထင်ပါတယ်။

မြစိမ်းရဲ့ လှပတဲ့မြင်ကွင်းတခု
မြစိမ်းပြီးတာနဲ့လူစုပြီးပြန်ခဲ့ကြတာ အိမ်ရောက်တော့ ၁နာရီ ၃၀ ၀န်းကျင်ရှိနေပြီ။ အအေးဓာတ်ကပိုပြီးကဲလာပေမယ့် မျက်နှာကြိတ်မှိတ်သစ်ရင်း အိပ်လိုက်တာတချိုးတည်းပဲ။
ကျနော်အတွက်တော့ ဒီလိုနဲ့ပဲ လျှော့ကျသွားတဲ့အပူချိန် အနည်းငယ်ပြောင်းလဲလိုက်တဲ့ ဟန်ပန်နဲ့တောင်ကြီးတန်ဆောင်တိုင်ဟာ မြစိမ်းရဲ့လှပမှုခမ်းနားမှုတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
အောင်ပန်း (တန်ဆောင်မုန်းလဆန်း ၁၄ရက်)
လပြည့်ဖို့ လ၀က်လောက်အလိုကတည်းက အလှူခံအိုးစည်သံတွေ လူငယ်တွေရဲ့ သူတို့ဆိုင်ရာဆိုင်ရာ ပဒေသာပင်အတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ အသက်ဝင်နေခဲ့တဲ့ အောင်ပန်းဟာ တန်ဆောင်တိုင်မှာ တောင်ကြီးလို နံမည်ကြီးပွဲတော်တခုကို ပိုင်ဆိုင်မထားပေမယ့် ရက်ရက်ရောရော သူ့ထက်ငါအပြိုင်အဆိုင်လှူဒါန်းကြတဲ့ များပြားလှတဲ့ပဒေဿပင်တွေကြောင့် ဒေသ၀န်းကျင်မှာတော့ မသေးလှတဲ့ဂုဏ်ဒြပ်တခုကိုပိုင်ဆိုင်ထားပါတယ်။
အောင်ပန်းသားတွေကတော့ တောင်ကြီးကိုရှတ်ချသလိုလို သူတို့ကိုသူတို့အမွမ်းတင်သလိုလိုနဲ့ ပြောလေ့ရှိပါတယ်။
တောင်ကြီးကကောင်တွေက မီးပုံးအတွက်ပဲ ပိုက်ဆံတွေကုန်နေကြတာ။ ငါတို့အောင်ပန်းကမှ တကယ်လှူတာဆိုပြီးတော့ပေါ့။
ပြီးတော့ မြန်မာနိုင်ငံမှာ အစည်ကားဆုံး လှူဒါန်းမှုအများဆုံး တန်ဆောင်တိုင်ပွဲတော်အနေနဲ့လဲ ဂုဏ်ယူကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အချက်အချာအကျဆုံး စီးပွားရေးမြို့တမြို့ဖြစ်တဲ့ အောင်ပန်းဟာ ပညာရေးနှင့် လူနေမှုအဆင့်အတန်းမှာ တောင်ကြီးရဲ့ခြေဖျားကိုမမှီဘူးလို့ဆိုနိုင်ပေမယ့် တောင်ပိုင်းရှမ်းပြည်ရဲ့ စီးပွားရေး အသက်သွေးကြောတခုဖြစ်သလို တန်ဆောင်ပွဲတော်ချိန်ရောက်ရင်တော့ တမြို့လုံးစိတ်ပါလက်ပါ အားတက်သရောပါဝင်ဆင်နွဲလေ့ရှိပါတယ်။ အဲဒီအချိန်မှာ အဆက်မပြတ်မြို့လုံးကျွတ်ကြားရမှာက ခပ်မြိန်မြိန် အိုးစည်သံတွေပေါ့။
ရက်သတ္တပေါင်းမှာစွာ ပြင်ဆင်လို့အပြီးမှာတော့ လပြည့်နေ့မတိုင်ခင်တရက် (ကျွန်တော်တို့ဒေသခံတွေအခေါ် အဖိတ်နေ့)နေ့ညမှာ တမြို့လုံးမှာရှိသမျှပဒေဿပင်တွေရဲ့ ထက်ဝက်ကျော် ၇၀ ရာခိုင်နှုန်းလောက်ဟာ အလှပြထွက်ကြပါတယ်။
ကျန်တဲ့မြို့နေလူထုကလည်း ချမ်းချမ်းစီးစီးကြီးထဲမှာ ဒုက္ခခံ ဖုန်တက်ခံပြီး သွားကြည့်ကြပါတယ်။ အဲဒါတခုပြောရအုံးမယ်။ အောင်ပန်းရဲ့ဆောင်းအအေးဓာတ်ဟာ တောင်ကြီးထက်ပိုကဲပါတယ်။
အဖိတ်နေ့ညမှ အလှပြထွက်ရင်း ကိုယ့်အဖွဲ့ရဲ့ပဒေသာပင်က လိုအပ်ချက်တွေကို ပြန်လည်လေ့လာရပါတယ်။ လှူဒါန်းမယ့်ပစ္စည်းတွေရဲ့အနေအထား ချည်ထားတဲ့ကြိုးတွေသေချာရဲ့လား၊
ထွန်းမယ့်မီးချောင်းတွေအလုပ်လုပ်ရဲ့လား၊ လူအင်အားနဲ့ပဒေဿပင်ကိုအလှည့်ကျထမ်းဖို့ အဆင်ပြေရဲ့လားနဲ့ ပြန်လည်စစ်ဆေးမှုတွေပြုလုပ်ရပါတယ်။
မြို့ထဲကိုလှည့်ပတ်အလှပြပြီးလို့ပြန်ရောက်တာနဲ့ လိုအပ်တာတွေကို ထပ်ဖြည့်ပြင်ဆင်ပြီး လပြည့်နေ့အတွက်တခါတည်း ပြင်ဆင်ရပါတယ်။

လပြည့်နေ့ရောက်ပြီဆိုတာနဲ့ အဖိတ်နေ့မှာ မပြီးပြတ်သေးတဲ့အရာတွေကို မနက်အစောပိုင်းမှာတင်အဆုံးသတ်ပြီး ၁၀နာရီလောက်ကနေ တန်းစိဖို့စတင်ထွက်ခွာကြပါတယ်။ အဲဒီနေ့ဟာ တမြို့လုံးရှိသမျှပဒေသာပင်တွေအားလုံးထွက်တဲ့ရက်ဖြစ်လို့ အပင်ပေါင်း၂၀၀ကျော်ပါတယ်။ နှစ်စဉ်ပထမဆုရလေ့ရှိတဲ့ ယာဉ်ကြီများအသင်းကလှုဒါန်းတဲ့ ပဒေသာပင်ဟာ ၆ဘီးကားတစ်စီးတိုက်စာလောက်ပစ္စည်းတွေပါဝင်ပါတယ်။
အိမ်ကတော့ဒီနှစ် ဦးဆောင်ပြီးလုပ်မယ့်အကိုက တီဘီရောဂါနဲ့ တောင်ကြီးရဲ့ထွန်းဆေးခန်းမှာရောက်နေတော့ ဘာမှမလုပ်ဖြစ်လိုက်။ အဖေကတော့ ရွှာတန်ဆောင်တိုင်မှာပဲ အလှူပြန်လုပ်ခဲ့ပါတယ်။
အဖိတ်နေ့မှာ တောင်ကြီးကနေ အောင်ပန်းအရောက်မှာ ညနေ၃နာရီထိုးနေပြီး သထုံကိုစတုဒီသာအမှီအရောက်သွားဖို့လောနေတဲ့ ဆေးရုံဆင်းကာစ အကိုကြောင့်ပဲ ၅ နာရီခွဲမှာ အိမ်ကထွက်လာခဲ့ပါတယ်။ အချိန်ကမှောင်ရီပျိုးစပြုနေပြီး ကင်မရာကလဲ ဖရက်ရှ်ပျက်နေတဲ့အတွက်ကြောင့် တန်းစီဖို့ထွက်လာတဲ့ ပဒေသာပင်တွေကိုတွေ့လို့ ကမန်းကတန်းလှမ်းရိုက်လိုက်ပေမယ့် အဆင်မပြေသိပ်မပြေ။ ဒါပေမယ့် ရှိတဲ့ပုံလေးတွေကိုပဲ ဝေမျှလိုက်ပါတယ်။




ကလော - လဆန်း ၁၄ ရက်
ကလောရောက်ချိန်မှာ မြန်မာစံတော်ချိန်အရ ညနေ ၆ နာရီမထိုးသေးပေမယ့် ဆောင်းရာသီကာလဖြစ်တာကြောင့် တလောကလုံးအမှောင်ထုက လွမ်းခြုံထားပါပြီ။
မြို့ရဲ့လမ်းမကြီးပေါ်မှာ တွေ့လိုက်ရတာက တူညီဓနုဝတ်စုံနဲ့ မီးဝင်ဖို့သွားနေတဲ့ ကလေမြို့ရဲ့ပျိုမေချောတွေပါ။ ကလောသားခန့်ချောလေးတွေကတော့ ရှေ့မှာမီးတုတ်ကိုယ်စီနဲ့။
အမိအရဓာတ်ပုံလှမ်းရိုက်လိုက်ပေမယ့် ကားသွားနေတဲ့အရှိန်နဲ့ ထွက်လာတဲ့ပုံက ဘာမှမသဲမကွဲ။

သထုံ (တန်ဆောင်မုန်း လပြည့်နေ့)
နေပြည်တော်ရဲ့အမှတ်၃လမ်းထိပ်ကနေ ရန်ကုန်ကနေလာတဲ့ အဖေတို့နဲ့ဆုံပြီး ထွက်လာပြီး ပဲခူးမှာမနက်စာတဖြစ်လဲ နေ့လည်စားရင်းမနားပဲထွက်လာတာ သထုံရောက်တော့ ၂-၃နာရီရှိနေပြီ။ တအိမ်လုံးလဲ စတုဒီသာအတွက်
လာရောက်ကူညီပေးတဲ့သူတွေ၊ အိမ်က၀ိုင်းလုပ်နေတဲ့အုပ်စုတွေနဲ့ပြည့်လို့။ ကော်ဖီထုပ်လှီးတဲ့သူကလှီး၊ အိမ်ရှေ့မှာကုလားပဲဟင်းချက်တဲ့သူကချက်၊ ငါးခြောက်ခုတ်တဲ့သူကခုတ်၊ အာလူးနွာတဲ့သူကနွာနဲ့။ မနက်ဖြန်မှကျွေးမှာဖြစ်ပေမယ့် ပြင်ဆင်လုပ်ကိုင်စရာတွေက တပုံတခေါင်း။
ခရီးပန်းနေတဲ့ဒဏ်နဲ့ ရေမိုးချိုးပြီးအိပ်ဖို့ ကြိုးစားပေမယ့် အဆင်မပြေ။ သထုံရဲ့အပူချိန်ကလည်း ရန်ကုန်နဲ့နင်လားငါလား။ တညနေလုံးအခန်းအောင်းနေရင်း ည၈နာရီလောက်ကျမှ မြသပိတ်တောင်နဲ့ တောင်တန်းတဆက်တည်းမှာ
တည်ရှိတဲ့ ဘုရားငါးဆူတောင်ကို အိမ်ကလူနည်းနည်း ဘားအံကဧည့်သည်သုံးယောက်လောက်နဲ့တက်ကြတယ်။ အရင်ကသူပုန်နယ်မြေဖြစ်သလို ကြမ်းလွန်းလို့ နံမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဘုရားငါးဆူတောင်ဟာ ခုတော့လဲ တောင်တက်ကတ္တရာလမ်းမ ဘုရားဖူးတွေ၊ ထိန်ထိန်လင်းနေတဲ့လျှပ်စစ်မီး၊ တရားဓမ္မရွှတ်ဖတ်သံတွေ၊ သင်္ကြန်ကာလနှင့် အခါသင့်သလိုဖွင့်လှစ်တဲ့ တရားစခန်းနဲ့ စည်ကားအေးမြလို့နေပါတယ်။
ဘယ်အချိန်ကာလကတည်းကမှန်းမသိပဲ ဒီတောင်ကုန်းရဲ့တောကြီးမျက်မည်းထဲမှာ တည်ရှိနေခဲ့တဲ့ ပုံစံတူဘုရားငါးဆူကို ဘုန်ုဘုန်းလေး(ဘုရားငါးဆူကျောင်းထိုင်ဆရာတော်) က အမျိုးမျိုးသော အနှောင့်အယှက်တွေကြားက ပြန်လည်မွမ်းမံ၊ ကျောင်းဆောင်တွေတည်ဆောက်ပြီး အမျိုးမျိုးသောအခက်အခဲတွေကြားကနေ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဘုန်ကြီးမ၀တ်ခင်က နတ်ကတော်တယောက်အဖြစ် အသက်မွေးခဲ့တယ်လို့ သူကိုယ်တိုင်ဝန်ခံပြောကြားခဲ့တဲ့
အညာသားတစ်ဦးဖြစ်သူဘုန်ဘုန်းလေးဟာ ခုတော့လဲအရှင်ဆန္ဒာဓိကလို ဆရာတော်တွေကိုယ်တိုင်လေးစားရတဲ့ သာသနာပြုပုဂ္ဂိုလ်တစ်ဦးဖြစ်လို့။
တောင်ပေါ်ရောက်တော့ ၈နရီခွဲဝန်းကျင်လောက်ရှိနေပြီး ရင်ပြင်ပေါ်မှာလည်းပြည့်ကျပ်နေပြီ။ တန်ဆောင်တိုင်လပြည့်နေ့အတွက် ပြင်ဆင်ထားမှုတချို့ကိုတွေ့ရပြီး ဆရာတော်တွေလည်း မေတ္တာပို့ပြီးတဲ့နောက် မယ်ဇလီသုပ်ကို ဘုရားရှင်ကို အရင်ကပ်လှူပါတယ်။ နောက်ဆုတောင်းစာတချို့ရွတ်ဆိုပြီးတာနဲ့ ရောက်လာတဲ့သူတွေအားလုံးကို မယ်ဇလီဖူးသုပ်တွေကျွေးပါတယ်။ ဒါဟာ ကျွန်တော်အတွက်တော့ တန်ဆောင်မုန်းလပြည့်ညမှာ ဒုတိယအကြိမ်စားဖူးတဲ့ မယ်ဇလီဖူးသုပ်ဖြစ်ပြီး
ပထမအကြိမ်နဲ့တော့ ပတ်ဝန်းကျင်၊ နေရာဒေသ၊ အငွေ့အသက်မတူသလို မယ်ဇလီဖူးသုပ်ရဲ့အရသာကလည်း ကွဲပြားပါတယ်။ ပထမအကြိမ် အဖူးတွေချည်းသီးသန့်နဲ့ ခါးသက်လွန်းလှတဲ့ မယ်ဇလီဖူးသုပ်ကိုစားခဲ့တာကတော့ ၂၀၀၀ ခုနှစ် မိတ္ထီလာမှာ ၁၀တန်းဘော်ဒါနေတုန်းကဖြစ်ပါတယ်။ သူငယ်ချင်းတွေနဲ့ ဆရာ၊ဆရာမတွေကြားထဲမှာပေါ့။ ဒီတကြိမ်ကတော့ လေအေးအေးတိုက်ခတ်နေတဲ့ တောင်ကုန်းတကုန်းရဲ့အပေါ် ရဟန်းသံဃာတွေရဲ့မေတ္တာပို့တဲ့အသံတွေကြားထဲမှာ ဖြစ်ပါတယ်။
အရသာက ကော်ဖီထုပ်၊ကြက်သွန်တွေနဲ ရောနှောသုပ်ထားတာဖြစ်လို့ ပထမအကြိမ်ရဲ့အခါးဓာတ်ကို တ၀က်တောင်မမှီချင်ပါဘူး။ ဒါပေမယ့် သူ့နည်းသူ့ဟန်နဲ့တော့ ချိုမြိန်နေသလို အာနိသင်တစုံတရာရှိတဲ့ ဆေးတခွက်ကိုသောက်လိုက်ရသလိုပါပဲ။

ဘုရားငါးဆူတောင်ပေါ်မှ တန်ဆောင်မုန်းလပြည့်ည
တောင်ပေါ်ကနေပြန်ဆင်းလာတော့ ၉ နာရီကျော်နေပြီ။ အိမ်ပြန်ရောက်တော့ စတုဒီသာအတွက် ပြင်ဆင်တဲ့သူတွေက ပြင်ဆင်နေတုန်း။ အမက ညဆိုင်းနေ့ဆိုင်းခွဲပြီးလုပ်ဖို့မှာနေသံကြားပေမယ့် ခြေလှမ်းတွေဦးတည်လိုက်တာက
အိပ်ရာခန်းဆီ။ ကုတင်ပေါ်ရောက်တာနဲ့ တကိုယ်လုံးညောင်းညာ နာကျင်တာတွေကို ခံစားလိုက်ရပြီး မျက်လုံးတွေလည်း…………………………
လပြည့်ကျော် ၁ ရက်နေ့ (သထုံ-စတုဒီသာ)
ကဲ…လပြည့်ကျော် ၁ ရက်နေ့ စတုဒီသာကျွေးတဲ့ အကြောင်းကိုတော့ ထွေထွေထူးထူး ဇာချဲ့ ပုံကြီးချဲ့ ပြီးမပြောတော့ပါဘူးဗျာ။ မွန်ပြည်နယ်မှာတည်ရှိပြီး မြန်မာရာဇ၀င်တွေထဲမှာ
သုဝဏ္ဍဘူမိရွှေပြည်အဖြစ် မှတ်တမ်းမှတ်ရာတွေရှိထားပြီး လက်ရှိအချိန်မှာ သထုံဆိုတဲ့ နံမည်နဲ့ မွန်ပြည်နယ်က အေးချမ်းတဲ့မြို့လေးတမြို့ကို ဘုန်းကံတွေထပြီး တန်ဆောင်မုန်းလမှာ ရောက်ခဲ့ရင်သာ ရှမ်းပွဲရုံရဲ့ စတုဒီသာကို ၀င်လွေးလိုက်ပါလို့ပဲ ညွန်းလိုက်ပါရစေ။ ဈေးနှုန်းကတော့ အ၀စား ဖရီး ပေါ့ဗျာ။ စားပွဲထိုးလေးတွေကလည်း ရုပ်ချောသဘောကေင်းဓနုလေးတွေပါလို့… 
အဲ…တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နော်…….လိပ်စာကတော့…ရှမ်းပွဲရုံလို့ပြောလိုက်ရင် ခွေးတော့မသိလောက်ပေမယ့် လူကြီးနဲ့ကလေးတွေ တော်တော်များများသိကြပါတယ်။
ပြီးတော့ ထွေးငယ်သူငယ်ချင်းလို့ ပြောလိုက်ရင် အားလုံးအဆင်ပြောမှာပါ (ခွက်ဆေး၊ အိုးဆေး၊ ပန်းကန်ဆေး စသည်ဖြင့်ပေါ့လေ….)

ဒီလို မမောမပန်း ၀ိုင်းဝန်းချက်ပြုတ်ကြပါတယ်

ပွက်ပွက်ဆူနေတဲ့ ကုလားပဲဟင်း

မောင်လေးနဲ့အဖွဲ့ ကဒီလိုအားတက်သရော

ရုပ်ချောချော သဘောကောင်းကောင်း ဓနုလေးတွေက ဒီလိုစားပွဲထိုးပေးကြပါတယ်

ရှမ်းပွဲရုံရဲ့ နံမည်ကြီး ကော်ဖီသုပ်ပါ


ဒီလို စည်စည်ကားကား